မီးဘေးသင့်ရွာအတွက် ဒေါ်အောင်ဆန်းစုကြည် ငွေလှူ

တစ်ရွာလုံးနီးပါး မီးလောင်သွားတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာသားတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို အခုလိုပြောပါတယ်။

ဝင်းကုန်းရွာ မီးဘေးသင့် ပြည်သူတွေအတွက် အလှူငွေကို ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂ ရက်နေ့မှာ ရန်ကုန်မြို့ကနေ မန္တလေးကို ပို့လိုက်ပြီး၊ အဲဒီအလှူငွေကို ဦးအုန်းကြိုင်နဲ့ ဦးဝင်းတင်တို့က ပုလဲမြို့နယ် NLD လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်နဲ့ စာရေးဆရာ မုံရွာအောင်ရှင်တို့ကို မန္တလေးမြို့မှာ လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

အရင်က အဲဒီရွာထဲမှာ ရေတွင်းတစ်တွင်း၊ ဘုန်းကြီးကျောင်းမှာ ရေတွင်းတစ်တွင်း စုစုပေါင်း အဝီစိတွင်း ၂ တွင်းပဲရှိပြီး၊ ရွာထဲကရေတွင်းက မီးလောင်ရာမှာ ပျက်စီးသွားပါတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းမှာရှိတဲ့ ရေတွင်းတစ်တွင်းကိုပဲ လူပေါင်း ၁ ထောင်ကျော်အတွက် အားကိုးနေရတာလို့ သိရပါတယ်။

ဒီအတွက် ရွာသားတွေ ရေအဆင်ပြေဖို့ အဝီစိတွင်းတစ်တွင်း တည်ဆောက်ပေးဖို့ ကြိုးစားနေပြီး ဒီအတွက် သိန်း ၅၀ လောက်လိုလိမ့်မယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။