မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နော်ဝေနိုင်ငံမှာ အော်စလိုမြို့နားမှာ ကျင်းပတဲ့ "အော်စလို ငြိမ်းချမ်းရေး ညှိနှိုင်းမှု အစည်းအဝေး" ကို တက်ရောက်ခဲ့ပါတယ်။
အဲဒီ ညှိနှိုင်းအစည်းအဝေးကို နိုင်ငံတကာခေါင်းဆောင် ၁၀၀ နီးပါးလောက် တက်ရောက်ခဲ့ပြီး ကမ္ဘာကျော် ရော့ခ်အဆိုတော် U2 အဖွဲ့ခေါင်းဆောင် ဘိုနိုလည်းတက်ရောက်ခဲ့သလို ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Carl Bildt အပြင် မြန်မာ အစိုးရစက်မှုဝန်ကြီး ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အော်စလို ငြိမ်းချမ်းရေး ညှိနှိုင်းမှု အစည်းအဝေးဟာ နိုင်ငံတွေရဲ့ အပြောင်းအလဲကာလအတွင်းမှာ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း ခေါင်းစဉ်နဲ့ ဆွေးနွေးတာလို့ သိရပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ အာရပ်ကမ္ဘာက နိုင်ငံရေး အပြောင်းအလဲတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒပ်ဗလင်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ "Electric Burma" စင်တင်တေးဂီတနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အဲဒီပွဲကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး အေအိုင်က စီစဉ်ကျင်းပတာဖြစ်ပြီး ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲကို ကျင်းပမှာဖြစ်ပါတယ်။
ယူတူးပွဲကို ပရိသတ် ငါးထောင်လောက် တက်ရောက်ဖို့ရှိပြီး ကမ္ဘာကျော် အနုပညာရှင်တွေလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ယာလန်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ဒပ်ဗလင်မြို့ကိုရောက်ရှိနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
