ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်ဖွယ်ရာမရှိပေမယ့် အနားယူဖို့ လိုအပ်ကြောင်း မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အကြံပေးတဲ့အတွက် မနက်ဖြန်မှာ သွားမယ့်ခရီးစဉ်ကို ဖျက်လိုက်တဲ့အကြောင်း သိရပါတယ်။

ထပ်ပြီး ခရီးပန်းတဲ့ဒဏ် မဖြစ်စေလိုတာကြောင့် သူ့ရဲ့စည်းရုံးရေး နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး ခရီးစဉ်ကို ဖျက်လိုက်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့အပြားကို မဲဆွယ်စည်းရုံးရေး ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်ကျွန်းစု စည်းရုံးရေးခရီးစဉ်မှာ သွေးပေါင်ကျဆင်းခြင်း၊ အပူရှိန်ဒဏ် ခံစားရခြင်းနှင့် မရပ်မနား ခရီးသွားမှုတွေကြောင့် ပင်ပန်းနွမ်းနယ်မှုတွေ ဆက်တိုက် ကြုံတွေ့နေရတဲ့အတွက် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက မဖြစ်မနေ အနားယူဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလောမှာ နေအိမ်မှာပဲ အနားယူမှာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာတော့ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို သွားရောက်မှာဖြစ်ကြောင်း၊ ဧပြီ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာ မဲထည့်မယ့် ကော့မှူးဒေသခံတွေကို အားပေးစကား ပြောကြားမှာ ဖြစ်ကြောင်း သိရပါတယ်။