ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု Holocaust Memorial Museum ခေါ် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမဏီနာဇီရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျူး ၆ သန်း အထိမ်းအမှတ်ပြတိုက်က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

Elie Wiesel Award ဆိုတဲ့ အဲဒီဂုဏ်ထူးဆောင်ဆုကို ပြတိုက်တည်ထောင်သူ တစ်ဦးဖြစ်သူ Mr. Elie Wiesel ကိုယ်တိုင် ဧပြီ ၁၈ ရက် Holocaust အမှတ်တရနေ့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။

“ စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်ရင်ဆိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်သတ္တိဟာ စံနမူနာယူစရာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီရေးအတွက် အခုလောက် ကာလကြာရှည် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်မျိုးဟာ ရှားပါးလှပါတယ်” လို့ ပြတိုက်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ Mr. Wiesel က ဖော်ပြခဲ့ပါတယ်။

Mr. Elie Wiesel ဟာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တစ်ဦး ဖြစ်တဲ့အပြင် ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်နိုင်မှာ မဟုတ်ပေမဲ့ ဗီဒီယိုကတစ်ဆင့် နှုတ်ခွန်းဆက်စကားပါးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။