ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ နိုင်ငံခရီးစတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၅ နိုင်ငံခရီးကို ဒီနေ့စတင်လိုက်ပြီး မနက် ၁၀ နာရီမှာ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သတင်းရရှိပါတယ်။

ပထမဆုံးအနေနဲ့ ဆွစ်ဇာလန်နိုင်ငံကို ရောက်လိမ့်မယ်လို့ NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဦးခွန်သာမြင့်၊ ဒေါက်တာ တင်မာအောင်၊ လွှတ်တော်ကိုယ်စားလှယ် ကိုဇေယျာသော်နဲ့ ကိုနေခြည်ဝင်းတို့ ၄ ဦး လိုက်ပါသွားပါတယ်။

၁၅ ရက်နေ့မှာတော့ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမှာဖြစ်ပြီး အဲဒီကနေ တဆင့် နော်ဝေးနိုင်ငံကို ခရီးဆက်မယ်လို့ သိရပါတယ်။

၁၈ ရက်ကြာမယ့် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ဆွီဒင်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ကို ရောက်မှာဖြစ်ပါတယ်။