သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို မြန်မာပြည်သူတွေကရော နိုင်ငံတကာအသိုင်းအဝိုင်း ကပါ ထောက်ခံ အားပေးတဲ့အကြောင်း၊ ဒီအပြောင်းအလဲနဲ့အတူ နိုင်ငံတကာနည်းတူ မြန်မာ့ လူ့အဖွဲ့အစည်း တိုးတက်ဖို့ ကူညီပေးဖို့ လိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပါတယ်။
ညီလာခံမိန့်ခွန်းထဲမှာ မြန်မာအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဥပေဒေတွေ ပြဋ္ဌာန်းပြီး အကာကွယ်ပေးဖို့ လိုအပ်ကြောင်း၊ လောလော ဆယ်ရှိနေတဲ့ ဥပဒေတွေဟာလည်း ခေတ်နဲ့မလျော်ညီတော့သလို မျှတမှုလည်းမရှိပါဘူး။ တချို့ဥပဒေတွေဟာလည်း မြန်မာလို ဘာသာပြန် ရေးသား ထားတာလည်း မရှိပါဘူး။ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ ဘယ်လောက်ရှိရမယ် ဆိုတာမျိုးတွေလည်း ဥပဒေအရ ပြဋ္ဌာန်းထားတာ မရှိပါဘူး လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အိုင်အယ်အို ညီလာခံမှာ မိန့်ခွန်းပြောအပြီးမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဂျီနီဗာမှာရောက်ရှိနေတဲ့ အာအက်ဖ်အေ သတင်းထောက် ဦးခင်မောင်စိုးက လက်ရှိ မြန်မာနိုင်ငံက အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး မေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန် လည်ဖြေကြားခဲ့ပါတယ်။
"ပိုမိုပြီးတော့ပေါ့နော်၊ ကျွန်မတို့ရဲ့ အလုပ်သမားတွေအတွက် ILO က ဝင်ပြီးတော့ လုပ်ပေးဖို့လိုပါတယ်။ အလုပ်သမားတွေဆိုတာ ကျွန်မတို့ ပြည်တွင်းက အလုပ်သမားတွေတင် မဟုတ်ပါဘူး။ ပြည်ပကိုရောက်သွားတဲ့ အလုပ်သမားတွေကိုလည်း ILO အနေနဲ့ ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်ပေးစေချင်ပါ တယ်။ နောက်ဆုံးကျတော့ အလုပ်သမားတွေရော၊ အလုပ်ရှင်တွေရော၊ အစိုးရရော အားလုံးပူးပေါင်းဆောင်ရွက်မှသာလျှင် ကျွန်မတို့နိုင်ငံမှာ လိုအပ်တဲ့ စီးပွားရေးတိုးတက်မှုတွေ ရနိုင်မှာပါ"
ဒါ့အပြင် ညီလာခံမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက လူငယ်တွေဟာ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး အလုပ်အကိုင်မရှိတဲ့အတွက် အနာဂတ်အတွက် မျော်လင့်ချက်တွေလည်း ပျောက်ဆုံးရကြောင်း၊ အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ စတဲ့ အဖြစ်မျိုးတွေနဲ့လည်း ကြုံရကြောင်း၊ ဒါကြောင့် လူငယ်တွေအတွက် အလုပ်အကိုင်တွေ၊ အသက်မွေးဝမ်းကြောင်း သင်တန်းတွေ စတဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ညီလာခံမှာ သတင်းယူနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးကို ဦးခင်မောင်ငြိမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
