ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်ဟု အိန္ဒိယ သတင်းစာ ရေး

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကို လာရောက်လည်ပတ်ဖို့ တရားဝင် ဖိတ်ကြားမှာဖြစ်ကြောင်း Time of India သတင်းစာက ရေးသားဖော်ပြပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်လည်ပတ်ဖို့ ရှိနေပြီး သူ့ရဲ့ခရီးစဉ်ကို လာမယ့် တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပြီး အင်္ဂါနေ့မှာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယဝန်ကြီးချုပ် အနေနဲ့ မြန်မာနိုင်ငံကို လာရောက်မှာပါ။

သူ့ရဲ့ခရီးစဉ်အတွင်း အိန္ဒိယမြို့ကြီးတွေကနေ မြန်မာနိုင်ငံကို လေကြောင်းခရီးစဉ်တွေ တိုးချဲ့ပျံသန်းဖို့ ပါဝင်သလို၊ အင်ဖာကနေ မန္တလေးကို ဘတ်စ်ကားလိုင်း ပြေးဆွဲဖို့ အစီအစဉ်တွေကိုလည်း ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကလက္ကတားနဲ့ ချနိုင်းကနေ ရန်ကုန်ကို ကုန်ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်းတွေ ပြုလုပ်ဖို့ကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။

လောလောဆယ် မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွေမှာ အိန္ဒိယ Gail, Essar နဲ့ ONCG ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပါတယ်။ ဒီတစ်ခေါက် အိန္ဒိယဝန်ကြီးချုပ် လာရောက်လည်ပတ်တဲ့အခါ မြန်မာနိုင်ငံကို နောက်ထပ်ငွေထုတ်ချေးဖို့ အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။

၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံကို အိန္ဒိယက ငွေထုတ်ချေးထားတာ ၂ ကြိမ်ရှိပြီဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ထုတ်ချေးထားပြီး ဖြစ်ပါတယ်။