မှန်ကန်စွာရွေးချယ် မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့ကို ဒုတိယအကြိမ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိသွားပြီး၊ ကော့မှုးမြို့က မဟာဝိဇောဓရ ကျောင်းတိုက်မှာ၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၁၃ တိုက်က ဆရာတော် ၁၃ ပါးကို ဖူးမြော်ပြီးနောက် လူထုကို မိန့်ခွန်းပြောကြားပါတယ်။

ဒီကနေ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတွေအနေနဲ့ အကြောက်တရားကင်းကင်းနဲ့ မှန်ကန်စွာရွေးချယ် မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး စတဲ့ NLD ပါတီရဲ့မူဝါဒအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း လူထုကို ပြောကြားပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကော့မှုးမြို့နယ်ကို ရွေးချယ်ရတဲ့ အဓိကအချက် ၂ ချက်ရှိကြောင်း၊ ကော့မှုးမြို့နယ်က ပြည်သူတွေ ဆင်းရဲနွမ်းပါးမှု ပပျောက်အောင်နဲ့ တိုင်းရင်းသားအများစု နေထိုင်တဲ့ မြို့နယ်ဖြစ်တဲ့အတွက် ပြည်ထောင်စုအသွင်ကို ဆောင်တဲ့သဘောအနေနဲ့ ကော့မှုးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ကြောင်း လူထုကို ရှင်းပြပါတယ်။

NLD ပါတီအနေနဲ့ လွှတ်တော်တွင်းကနေ ပြည်သူ့အရေးကို တာဝန်ကျေအောင် ထမ်းဆောင်သွားမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစောပိုင်းက တွံတေးမြို့နယ်၊ ဘုရားကြီးရပ်ကွက်က မင်္ဂလာ မိဘမဲ့ဂေဟာကို သွားရောက်ပြီး၊ မိဘမဲ့ကလေးတွေကို စိတ်အားမငယ်ဖို့ ၊ သူတို့တွေအတွက် ရှေ့ရေးကောင်းအောင် လုပ်ဆောင်ပေးနိုင်မယ့် သူတွေ များစွာရှိကြောင်း၊ သူမအနေနဲ့လည်း တိုင်ပင်စရာရှိတာတွေ၊ လုပ်ဆောင်စရာရှိတာတွေကို ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။