ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တင်မြှောက်

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့မှာ တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီသစ်ကို ဖွဲ့စည်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ပါတယ်။
2012-08-07
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-parliament-072512-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ၀င်ရောက် ဆွေးနွေးနေစဉ်။
AFP

အဲဒီကော်မတီသစ် ဖွဲ့စည်းလိုက်တဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။

"ဒီကနေ့ ကာလမှာလည်း လွှတ်တော်နဲ့ နိုင်ငံတော်မှာ လိုအပ်နေတဲ့ ကော်မတီအသစ် တစ်ခုဖြစ်တဲ့ တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီကို ဥက္ကဋ္ဌအဖြစ် ကော့မှူး မဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်တို့ဖြင့် ထပ်မံတိုးချဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်က သဘောတူတဲ့အတွက် ကော်မတီတစ်ခု တိုးချဲ့ဖွဲ့စည်းခြင်း၊ ကော်မတီ အဖွဲ့ဝင်များ ပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ ကော်မတီများ၏ တာဝန်များနှင့် စပ်လျဉ်း၍ ပယ်ဖျက် အစားထိုး ဖြည့်စွက် တင်ပြခြင်းများကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်"

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် အဲဒီိကော်မတီဟာ ပြည်ထောင်စုအဆင့် ကော်မတီတစ်ခု ဖြစ်ပြီး ပုသိမ်မဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီကော်မတီကို သက်တမ်းတစ်နှစ် သတ်မှတ်ထားပြီး ကော်မတီအနေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ ပြည်သူ့ ၀န်ထမ်းများ၊ သတင်းမီဒီယာနှင့် သက်ဆိုင်သူ အားလုံးကို တရားဥပဒေနှင့် အညီ နေထိုင်ပြုမူ လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်တိုက်တွန်း ထိန်းညှိကူညီခြင်း၊ အရေးယူ ဆောင်ရွက်ရန် ရှိပါက ပြည်သူ့လွတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြခြင်း၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စများ ပေါ်ပေါက်ပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိ ပေးခြင်းတို့ကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်၊ ပြင်ဆင်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့် ညီညွတ် ဆီလျော်အောင် ဆောင်ရွက်ခြင်း စတဲ့ တာဝန်များကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရပါတယ်။

အဲဒီကော်မတီမှာ ကချင်ပြည်နယ် အင်န်ဂျန်းယန် မဲဆန္ဒနယ်က ဒေါ်ဒွဲဘူ၊ ရှမ်းပြည်နယ် မိုင်းပြင်း မဲဆန္ဒနယ်က ဦးစိုင်းထွန်းစိန်၊ ချင်းပြည်နယ် မတူပီ မဲဆန္ဒနယ်က ဒေါက်တာ ရိုအုပ်၊ မွန်ပြည်နယ် ကျိုက်မရော မဲဆန္ဒနယ်က ဒေါ်မိယဉ်ချမ်း၊ ကယားပြည်နယ် ဒီမောဆို မဲဆန္ဒနယ်က ဦးစိုးရယ်၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ဒေါ်ခင်စောဝေ စတဲ့ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ပြီး စုစုပေါင်း (၁၅) ဦး ရှိကြောင်း သိရပါတယ်။

ဒီကနေ့ ညနေပိုင်း ထပ်မံရရှိတဲ့ သတင်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကြမ်းကို ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးပွဲကို ဒီကနေ့ ညနေက နေပြည်တော်က ဇဗ္ဗူသီရိခန်းမမှာ ကျင်းပရာ  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ဆွေးနွေးကြောင်း သိရပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့  NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဒီကနေ့ ဆွေးနွေးချက်တွေကို ရှင်းပြပါတယ်။

"ဒီဥပဒေကြမ်း အဖွဲ့က ရေးထားတဲ့ ဥပဒေကို ဒီနေ့ အတည်ပြုတဲ့ ကိစ္စမှာ ကျွန်တော်တို့ NLD ကအမတ်တွေ အနေနဲ့ တင်ပြထားတာကတော့ ရင်းနှီးမြှုပ်နှံတဲ့ လူတွေ၊ ပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ ကနေပြီးတော့ ဗမာပြည်ကို လာချင်အောင် Incentive တွေပေးရမယ်။ နောက်ပြီးတော့ သူတို့ မြေငှားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တခြားနိုင်ငံမှာ ဖြစ်တဲ့ လိုက်နာကျင့်သုံးတဲ့ စနစ်အတိုင်း လုပ်ရမယ်။ နောက်ငွေရေး ကြေးရေး၊ ဘဏ်၊ အာမခံ အဲတာတွေကို ကျွန်တော်တို့က ရေးထားတာ၊ ရေးထားတော့ ဒီတချို့လုပ်ငန်း
ရှင်တွေကတော့ ဒီ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို မြန်မြန် ဆန်ဆန် ပြီးစေချင်တယ်။ ၂ ယောက် ၃ ယောက်လောက်က။ တချို့ လုပ်ငန်းရှင်ကတော့ ဒီလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာလို့ရှိရင် ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် ဘောင်များ
ကျဉ်းသွားမလား။ လုပ်ခွင့်များ ပျောက်သွားမလား ဆိုတဲ့ အနေအထားတွေနဲ့ ဆွေးနွေးကြတာပါ"

ဒီဆွေးနွေးပွဲကို စီမံဘဏ္ဍာ ဒု ၀န်ကြီး ဦးဝင်းရှိန်၊ ရထားပို့ဆောင်ရေး ဒု ၀န်ကြီး သူရ ဦးသောင်းလွင်တို့ တက်ရောက်ခဲ့ပြီး လွှတ်တော်ရေးရာ ကော်မတီ အဖွဲ့ဝင်တွေ၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်တွေ၊ လုပ်ငန်းရှင်တွေ တက်ရောက်
ဆွေးနွေးခဲ့ကြပါတယ်။

ဒီဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး အကျယ်တ၀င့် ဆွေးနွေးဖို့ လိုအပ်တဲ့အတွက် ထပ်မံဆွေးနွေးဖို့ ဆုံးဖြတ်ကြောင်းလည်း သိရပါတယ်။

ဒီကနေ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီသစ်မှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

I am warmly welcome about this good news, We do hope Amay Suu and committee can do "No-one above the law and Rule of Law". It's good news for our people.

Aug 08, 2012 12:00 AM

အမည်မဖော်လိုသူ

တရားဥပဒေစိုးမိုးနေဒါက လွှတ်တော်မှာအမြဲတမ်းကြားနေရတယ်။တရာဥပဒေစိုးမိုးဖို့အတွက်နောက်ထပ်ဒီလက်ရှိလူတွေမရှိတော့မှဘဲဖြစ်နိုင်မယ် ။အနှစ် ၂၀ စောင့်လိုက်။

Aug 07, 2012 08:03 PM

Shan Lay.

နေရပ်- Shan State, Loimwe Myo.

no write.Please help me.

Aug 07, 2012 11:24 AM

အမည်မဖော်လိုသူ

အမေစုကဥကဌဆိုတော့အမှန်တွေပဲဖြစ်မှာပဲဆိုပြီးအားတက်မိတယ်

Aug 07, 2012 10:31 AM