ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးလူထု သိန်းနဲ့ချီပြီး ကြိုဆို

ရန်ကုန်ကနေ တံတားဦးလေဆိပ်ကို လေယာဉ်နဲ့ ရောက်ရှိသွားတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သိန်းနဲ့ချီတဲ့ မန္တလေးတိုင်း လူထုက မိုးရွာနေတဲ့ ကြားထဲမှာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

0:00 / 0:00

လေယာဉ်ကွင်းကအထွက် လမ်းတလျှောက် ကြိုဆိုကြတဲ့ လူထုပရိသတ် များလွန်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းဟာ မိန့်ခွန်းပြောဖို့ စီစဉ်ထားတဲ့ သိပ္ပံလမ်းထောင့် ကွင်းထဲကို ရောက်ဖို့ ၄ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ခရီးစဉ် ကြိုဆိုရေး တာဝန်ယူထားတဲ့ NLD အဖွဲ့ဝင် ဦးကိုလေးက ပြောပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် ကွင်းထဲမှာလည်း ကွင်းလုံးပြည့် ကြိုဆိုခဲ့ကြပြီး ဒီမြင်ကွင်းအတွက် ဝမ်းသာပီတိ ဖြစ်ရသလို ဒေါ်အောင်ဆန်းစုကြည်ကို အားကိုး ယုံကြည်မိပါတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။

ဒါ့အပြင် ခရီးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟောပြောနေရင်း ပရိသတ်ကို တောင်းပန်ပြီး ခေတ္တ နားလိုက်ရပါတယ်။ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က ဆက်လက် ဟောပြောခဲ့ရပြီး ခဏအကြာမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဟောပြောနိုင်ခဲ့ပါတယ်။

ဟောပြောပွဲပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဗိုတယ် ဟော်တယ်မှာ အနားယူပြီး နောက်တနေ့ စစ်ကိုင်းဘက်ကို ခရီးဆက်သွားမယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ကိုနေရိန်ကျော်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။