ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်

ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလာမယ့် စနေနေ့ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံပြီး လွှတ်တော်အတွင်း လုပ်ဆောင်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့သတ်မှတ်ချက်အတိုင်း ရက်ပေါင်း ၆၀ အတွင်း တင်ပြနိုင်အောင်၊ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ဆောင်ကြဖို့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းဖို့ရှိကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့သတ်မှတ်ချက်အရ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကျပ်သိန်း ၁၀၀ အထိ သုံးစွဲခွင့်ရှိကြောင်း သိရပါတယ်။

ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးအတွက် လာမယ့် သြင်္ကန်ပိတ်ရက် ကာလတွေမှာ အနားယူဖို့ ရှိကြောင်းလည်း သိရပါတယ်။