ဇွန်လ (၁၆) ရက်နေ့မှာ ကျင်းပမယ့် အဲဒီအခမ်းအနားကို တက်ရောက်မယ့်သူတွေထဲမှာ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးလည်း ပါဝင်ပါတယ်။ အခုလို တက်ရောက်နိုင်အောင် အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ Norwegian Burma Committee ဆိုတဲ့ နော်ေ၀ အခြေစိုက် NGO အဖွဲ့က ကမကထပြု စီစဉ်ခဲ့တာဖြစ်တယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
"အမေစုကတော့ ၁၃ ရက်နေ့ ဒီကနေ ထွက်လိမ့်မယ်လေ။ ဂျနီဗာကို အရင်သွားမယ်ထင်တယ်။ အဲဒီကမှ နော်ဝေကိုလာမယ် ပြောတယ်။ ကျွန်တော်ကတော့ ၁၂ ရက်နေ့ ဒီကနေ ထွက်မယ်။ နော်ဝေမှာ အမေစုရှိနေတဲ့ ရက်တွေ ၁၅ ရက်နေ့မှာ press တို့၊ နောက် နိုဘယ်လ်ဆု လက်ခံမယ့်ပွဲပေါ့။ နောက် ပွဲ ၄ ပွဲကို ကျွန်တော် တက်ခွင့်ရထားပါတယ်"
ဒါ့အပြင် ဂျာမနီနိုင်ငံမှာ ဇွန်လ (၂၄) ရက်နေ့ ကျင်းပမယ့် Global Media Forum ကိုလည်း တက်ရောက်ဖို့ ရှိတယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
၁၉၉၁ ခုနှစ်ကတည်းက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံယူဖို့ ဒုတိယအကြိမ်အဖြစ် ဂုဏ်ပြုပွဲ ကျင်းပတာဟာ နိုဘယ်လ် ဆုပေးပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။
