“အခု နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံကို လာရောက်ပြီး ကိုယ်တိုင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော် အလွန်ပဲ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို နော်ဝေနိုင်ငံက နှစ်ပေါင်းများစွာ အားပေး ထောက်ခံခဲ့သလို လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်လို့” နော်ဝေ ၀န်ကြီးချုပ်က ပြောဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နော်ဝေနိုင်ငံ Oslo မြို့ကို ဇွန်လ (၁၅) ရက်နေ့မှာ ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေ့ နေ့လည်ပိုင်းမှာ နော်ဝေ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ကြီးချုပ်က ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ (၁၆) ရက်နေ့မှာ နိုဘယ်လ်ဆုပေးပွဲ အခမ်းအနား တက်ရောက်မှာဖြစ်ပြီး ညနေပိုင်းမှာ နော်ဝေရောက် မြန်မာတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဇွန်လ (၁၇) ရက်နေ့မှာတော့ ဘာဂန်မြို့ကို လာရောက်မှာဖြစ်ကြောင်း မြို့ခံ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူ မကေသီအောင်က အခုလို ပြောပါတယ်။
" ဘာဂန်မြို့မှာကျတော့ ဒေါ်စုကို ပထမဦးဆုံးသော နိုင်ငံတကာဆုဖြစ်တဲ့ ရက်ဖ်တို လူ့အခွင့်အရေးဆုကို ပေးခဲ့တဲ့ ရက်ဖ်တို ဖောင်ဒေးရှင်း၊ ဒေါ်စု မကြာခဏ ကျေးဇူးတင်ကြောင်း ပြောလေ့ရှိတဲ့ ဖောင်ဒေးရှင်းပေါ့နော်။ အဲဒီ ဖောင်ေးဒရှင်းကို ဒေါ်စု လာလိမ့်မယ်တဲ့။ ပြီးတော့ ဘာဂန်မြို့မှာ ရှိနေတဲ့ ဗမာတွေအားလုံးနဲ့ တွေ့ဆုံပွဲလေး တစ်ခုလုပ်မယ်။ ဒေါ်စုကလည်း မိန့်ခွန်းပြောမယ်။ ဒေါ်စုကို ပြန်လည် မေးခွန်းထုတ်တာ၊ ဒေါ်စုနဲ့ပေါ့လေ၊ ဘာတွေ တိုင်းပြည်အတွက် အကူအညီ ပေးနိုင်မလဲလို့ ဒီမြို့က လူတွေနဲ့ စကားပြောမယ်။ အဲဒီဟာကတော့ နာရီဝက် တစ်နာရီလောက်ပဲ ရှိမယ်။ အဲဒါပြီးလို့ရှိရင် ဒေါ်စုက ဗမာတွေရော၊ နောက်ပြီးတော့ ဒီဘာဂန်မြို့မှာ ရှိနေတဲ့ နော်ဝေလူမျိုးတွေကိုရော မြို့လယ်မှာ ဒေါ်စုက မိန့်ခွန်းပြောမယ်"
နော်ဝေခရီးစဉ် နောက်ဆုံးနေ့ ဖြစ်တဲ့ ဇွန်လ (၁၈) ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေလွှတ်တော်ကို သွားရောက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကာကွယ်ရေး ကော်မတီဝင်တွေကို တွေ့ဆုံမှာ ဖြစ်ပါတယ်။