ဒေါ်အောင်ဆန်းစုကြည်က ဖျာပုံမြို့အဝင် ချောင်းတွင်း ကျေးရွာနားက သဲသောင်ပြင်မှာ ဖျာပုံပြည်သူလူထုကို မိန့်ခွန်း ပြောကြားခဲ့ရာမှာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး တိုးတက်မှုရှိဖို့ လိုအပ်ကြောင်းနဲ့ ပြည်သူတွေရဲ့ဘဝလုံခြုံရေးအတွက် တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ရှိဖို့ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ အကြောက်တရား ကင်းပြီး မှန်ကန်တဲ့ စိတ်ဓာတ်ထားရှိဖို့ လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖျာပုံမြို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ မြို့ခံလူထုကို ပထမ မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် မြို့ပြင်ရှိ ချောင်းတွင်း ကျေးရွာနားက သဲသောင်မှာ ထပ်မံ ပြောကြားခဲ့တာ ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။ နေ့လယ် ၃ နာရီကျော်ကျော်မှာ ဖျာပုံမြို့ကနေ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာသွားကြောင်း သိရပါတယ်။
