ယုံကြည်ချက်အတွက် လက်မလျှော့ဖို့ နိုင်ငံရေး အကျဉ်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဥရောပခရီးစဉ် နောက်ဆုံးခရီးတစ်ထောက်အဖြစ် ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိမိတို့ရဲ့ ယုံကြည်ချက်အတွက် လက်မလျှော့ဘဲ တိုက်ပွဲဝင်ကြဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ ပဲရစ်မြို့ စိန်းမြစ်ထဲက ရေယာဉ်တစ်စီးပေါ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးအဖွဲ့ကိုယ်စားလှယ်တွေကို မိမိကိုယ်ကို မိမိလေးစားကြတယ်ဆိုရင် ကိုယ့်ယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ တိုက်ပွဲဝင်သွားဖို့ ပြောလိုက်ပါတယ်။

ဒီပွဲကို ယူကရိန်းနိုင်ငံက ထောင်ဒဏ်ကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko ရဲ့သမီးဖြစ်သူ Yevgenia Tymoshenko၊ ရုရှားနိုင်ငံမှာ ထောင်ကျခံနေရတဲ့ စီပွားရေးလုပ်ငန်းရှင်ဟောင်းလဲဖြစ် ရုရှားသမ္မတ ပူတင်ရဲ့အတိုက်အခံလည်း ဖြစ်တဲ့ Mikhail Khodorkovsky ရဲ့သားဖြစ်သူ Pavel Khodorkovsky တို့လည်း ပါဝင်ပါတယ်။

Pavel Khodorkovsky က သူ့ဖခင်က ရေးပေးတဲ့ စာတစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ပါတယ်။