ဇန်နဝါရီ ၂ ရက်ကနေ ၅ ရက်ထိ ကျင်းပမယ့် အဲဒီပွဲတော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ဝင် ကိုသိန်းဆွေ ဦးစီးပြီး အင်န်အယ်လ်ဒီ မြို့နယ်အဖွဲ့ ရန်ပုံငွေ ဈေးရောင်းပွဲအတွက် ပွဲခင်းထဲမှာ ဆိုင်ခန်း ၄ ခန်းငှားပြီး ရောင်းချနေတာပါ။ အခုတော့ ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပြီး တားမြစ်လိုက်တာလို့ ကိုသိန်းဆွေက အာရ်အက်ဖ်အေကို ပြောပါတယ်။ ဦးသိန်းစိန်အစိုးရနဲ့ အင်န်အယ်လ်ဒီ အဖွဲ့ချုပ်တို့ ပြေလည်မှုရှိပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်လာတဲ့ နောက်ပိုင်း ရန်ကုန် မန္တလေးမြို့တွေမှာ အခုလို ဈေးရောင်းပွဲတွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေပေမယ့် ဖျာပုံမြို့နယ်မှာ တားမြစ်ခံရတာဟာ မဖြစ်သင့်ဘူးလို့ ကိုသိန်းဆွေက ပြောပါတယ်။ အခုလို တားမြစ်တာကို အင်န်အယ်လ်ဒီ (ဖျာပုံ) အဖွဲ့က အင်န်အယ်လ်ဒီ (ဗဟို) ကို အကြောင်းကြားထားပြီး ဈေးရောင်းပွဲကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ကိုသိန်းဆွေကပြောပါတယ်။
