ဒေါ်အောင်ဆန်းစုကြည် BBC Reith Lectures အစီအစဉ်မှာ ဟောပြောမည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံက ဘီဘီစီ ရေဒီယို အမှတ် ၄ အသံလွှင့်ဌာနရဲ့ ထင်ရှားတဲ့ ‘ရိသ်လက်ချာ’ Reith Lectures အစီအစဉ်မှာ “အာဏာရှင်အစိုးရများ လက်အောက်မှာ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပို့ချမယ်လို့ ဘီဘီစီ အသံလွှင့်ဌာနက ကြေညာပါတယ်။

ဒီဟောပြောချက်တွေကို ရန်ကုန်မြို့မှာ ကြိုတင် အသံသွင်းယူထားပြီး အခုလ ၂၈ ရက်နေ့မှာ ပထမဆုံး ဟောပြောချက်ကို အသံလွှင့်မယ်လို့ သိရပါတယ်။

ဘီဘီစီ သောတရှင်တွေကို ရေဒီယိုကနေ ဟောပြောခွင့်ရတာဟာ သူ့အတွက် အလွန်ထူးခြားတဲ့ အဓိပ္ပာယ် ရှိကြောင်း၊ ဒီအချက်က သူဟာ တရားဝင် လွတ်လပ်တဲ့သူတဦး ပြန်ဖြစ်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်ရောက်ကြောင်း၊ မလွတ်လပ်ခင် နေအိမ်အကျယ်ချုပ် ဘဝမှာ ဟောပြောနိုင်သူတဦး မဟုတ်ဘဲ ဘီဘီစီကို နားဆင်သူတဦးသာ ဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ ဟောပြောချက်မှာ မြန်မာနိုင်ငံက အတိုက်အခံတွေရဲ့ အခြေအနေကို ဟောပြောမှာ ဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်လွှင့်မယ့် ဒုတိယ ဟောပြောချက်မှာ လွတ်လပ်မှု အကြောင်းနဲ့ ဘယ်လို ရယူနိုင်သလဲ ဆိုတဲ့အကြောင်းတွေကို အရှေ့အလယ်ပိုင်းဒေသက ဒီမိုကရေစီရေး လှုပ်ရှားဆန္ဒပြပွဲတွေကို ကိုးကားပြီး ဟောပြောမယ်လို့ သိရပါတယ်။

ဘီဘီစီ အသံလွှင့်ဌာနရဲ့ ရေဒီယိုအမှတ် (၄) ဟာ ဗြိတိန်နိုင်ငံ အတွင်းမှာသာ ထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဉ်တခု ဖြစ်ပြီး သတင်း၊ သမိုင်း၊ ဇာတ်လမ်းစတဲ့ အစီအစဉ်တွေ ထုတ်လွှင့်တယ်လို့ သိရပါတယ်။