ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဖါရင်ဟတ်က အာအက်ဖ်အေကို ပြောကြားခဲ့ ရာမှာ - ကုလသမဂ္ဂအနေနဲ့ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့် နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်လွတ် လပ်လပ် သွားလာခွင့် ရှိဖို့ ကုလသမဂ္ဂ အနေနဲ့ အသေအချာ တိုက်တွန်းထား ပါတယ်။ အတွင်းရေးမှုးချုပ် ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ထိန်းချုပ်မှုတွေကို ရုပ်သိမ်းဖို့ မြန်မာအစိုးရကို အလေးထား ပြောဆိုနေခဲ့တာပါ။ ဒါကြောင့် အခုလို လွတ်လွတ် လပ်လပ် သွားခွင့်ရတဲ့ အပြု သဘောမျိုး မြင်တွေ့ရတာကို ကုလသမဂ္ဂက ကြိုဆို ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ အလားတူ မနေ့က အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ အမျိုးသမီး Victoria Nuland ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရကြား အပြုသဘော တိုးတက်လာတဲ့ အခြေအနေကို အမေရိကန်ဘက်က ကြိုဆိုတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စားလှယ် နှစ်ဘက် တွေ့ဆုံ စကားပြောနေတယ် ဆိုတဲ့ သတင်းကြောင့် အမေရိကန် အနေနဲ့ အားရမိပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့် ရှိတဲ့ အပြင် သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံ စကားပြောနိုင်တာ၊ အစိုးရဘက်ကလည်း သူရဲ့ လုံခြုံရေးကို တာဝန်ယူပေးတဲ့ အပေါ်မှာ အမေရိကန် အနေနဲ့ ကျေနပ် အားရမိပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိူးသမီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။