အမေရိကန် အစိုးရအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုရဲ့အထူးဧည့်သည်တော် နိုင်ငံခေါင်းဆောင် တစ်ဦးအနေနဲ့ ကော်ဇောနီခင်းပြီး ကြိုဆိုဖို့ ပြင်ဆင်ထားပါတယ်။
တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မှာ အရင် ဥရောပ ခရီးစဉ်ထက်စာရင် ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ဖိအားပေးခံရဖွယ်ရှိတယ်လို့ တွက်ဆနေသူတွေလည်းရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အဆင်သင့်ပြင်ဆင်ထားကြောင်း NLD ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောပါတယ်။
"ဒေါ်စုကလည်း မျှော်လင့်ပါတယ်။ ဒီဟာက မေးခွန်းတစ်ခု ဖြစ်နေမှာပေါ့။ issue တစ်ခုအနေနဲ့ သူ့ကိုမေးကြ မြန်းကြမယ်လို့ ယူဆတယ်။ အဲတော့ သူကလည်း ကျွန်တော်တို့ကို ပြောတယ်။ သူ့ရပ်တည်ချက်ကတော့ ဥပဒေစိုးမိုးရေးပဲ။ ဥပဒေစိုးမိုးရေးသာ သေသေချာချာရှိနေရင် ဒီလိုပြဿနာ မဖြစ်နိုင်ဘူးပေါ့။ ဒီအခြေခံနဲ့ပဲ ဆွေးနွေးမယ်လို့ သူပြောပါတယ်။ အခု သွားတဲ့ခရီးစဉ်မှာ congressional award တွေလည်း ရှိတယ်လေ။ အဲတော့ အမေရိကန်က ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေတွေပေါ်မှာ ဆွေးနွေးတာမျိုးတွေလည်း ရှိလာနိုင်တယ်လေ။ ဒီအပေါ်မှာ ကျွန်တော်တို့က အကျိုးအမြတ်တွေ ရလာနိုင်တာပေါ့။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကိုလည်း ဒေါ်စုမှာ ရှင်းပြဖို့ အခွင့်အရေးရတာပေါ့။ အဲဒီလိုတော့ မျှော်လင့်ထားပါတယ်"
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် ကြိုဆိုမယ်ဆိုရင် လာမယ့် စက်တင်ဘာလ (၂၄) ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာလည်း အမေရိကန်အစိုးရရဲ့ ဆက်ဆံရေး အရေးကြီးတယ်လို့ မြန်မာ့အရေး လေ့လာနေသူတွေက ထောက်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာ (၁၆) ရက်နေ့ ကနေ အောက်တိုဘာလ (၃) ရက်နေ့ထိ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အသေးစိတ်ကို NLD က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
