NLD ပါတီ အလုပ်သမားများဘက်က ရပ်တည်မည်

အခြေခံအလုပ်သမား လစာတိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုနေကြတဲ့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတွေအရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ကို တင်ပြဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ပြောဆိုပါတယ်။

NLD ရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အစည်းအဝေးမှာ ဆန္ဒပြ အလုပ်သမားတွေ အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြီး အခုလို စီစဉ်ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ NLD ပါတီ သဘာပတိအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြောပါတယ်။

" ကျွန်တော်တို့မနေ့က ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ပြီးတော့ ဒါတွေအကုန်လုံးကို ကြားနာပြီးပြီ။ ကျွန်တော်တို့ တင်ပြတာတွေကို နားထောင်ပြီး ကျွန်တော်တို့ ပြောပြလိုက်ပြီးပြီ။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲ ဒီအလုပ်သမားအရေး ကိစ္စ ပတ်သက်လို့ရှိရင် အေးအေးချမ်းချမ်း ဖြေရှင်းပေးပြီးတော့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဖို့ချိန်းထားတယ်။ တွေ့ပြီးလို့ရှိရင် အဲဒီပေါ်မူတည်ပြီးတော့ လက်ရှိဒီမှာရှိနေတဲ့ ILO နဲ့ ဆောင်ရွက်စရာ ရှိတာတွေကိုလည်းပဲ ဒေါ်အောင်ဆန်းစုကြည်က သူဆောင်ရွက်နိုင်စွမ်း ရှိတာကို ဆောင်ရွက်မယ်။ နောက်ပြီးတော့လည်းပဲ ဒီထက်ဆက်ပြီးတော့ လိုအပ်တဲ့ လိုအပ်ချက်များကိုလည်းပဲ ILO ပေါ့နော်၊ ကျွန်တော်တို့ ဗဟိုအလုပ်သမားအဖွဲ့ချုပ်အထိပေါ့၊ ဒါကိုလည်းပဲ အစိုးရပိုင်းကော၊ အလုပ်ရှင်ပိုင်းကော နောက်အလုပ်သမားများ ခံစားရတဲ့အပိုင်းတွေကော၊ ဒါတွေကို ပြေလည်အောင် ဆောင်ရွက်ဖို့ လုပ်ကိုင်သွားမယ်"

မနေ့ နေ့လည်က လှိုင်သာယာစက်မှုဇုန် နေမင်းအောင် အထည်ချုပ်စက်ရုံက အလုပ်သမား ကိုယ်စားလှယ်တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို လာရောက်ပြီး သူတို့ရဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။

ဆန္ဒပြအလုပ်သမားတွေ အနေနဲ့ ဆက်လက် ဆန္ဒပြနေမယ်ဆိုရင် အလုပ်က ထုတ်ပယ်မှာဖြစ်ကြောင်း ပြောဆိုတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လာရောက် တင်ပြကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အလုပ်သမား ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံပြီး၊ အလုပ်သမားတွေ အနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုကြဖို့၊ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် NLD က ကူညီဆောင်ရွက်မယ့် အကြောင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။