ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်ပြီးဆုံး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ ပတ်ကျော်ကြာ အမေရိကန်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ မနက်ဖန် အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပြီး မိမိတု့ိ ပါတီအနေနဲ့ သွားရောက်ကြိုဆိုဖု့ိ ပြင်ဆင်ထားပြီး ဖြစ်ပေမယ့် လေယာဉ်ဆိုက်ချိန်ဟာ ညပိုင်းဖြစ်တဲ့အတွက် လာရောက်ကြိုဆိုမယ့် လူထုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ မြန်မာနိုင်ငံံသား ၃ ထောင်ခန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီစနစ်နဲ့ တူညီနိုင်မှာ မဟုတ်ကြောင်း၊ နိုင်ငံတိုင်းဟာ မိမိတို့နဲ့ သင့်လျော်မယ့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရတာ ဖြစ်ကြောင်း၊ အဲဒီလို အကောင်အထည် ဖေါ်ရာမှာ အပေါ်ကနေ အောက်ကို စီးဆင်းတဲ့ ဒီမိုကရေစီ စနစ်မျိုး မဖြစ်သင့်သလို စစ်အစိုးရ လက်ထက်က ကြွေးကျော်ခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဆိုတာကိုလည်း မိမိအနေနဲ့ ကန့်ကွက်ကြောင်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။