ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်းနဲ့ပြည်နယ် လူငယ်တွေ ဆွေးနွေး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ရွှေဂုံတိုင်မှာ ရှိတဲ့ NLD အဖွဲ့ချုပ်ရုံးမှာ တိုင်းနဲ့ပြည်နယ်က လူငယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကနေ လူငယ် အချင်းချင်း ဆက်သွယ်နိုင်မယ့် သတင်းကွန်ယက်တခု ဖွဲ့စည်းသွားမယ်လို့ သဘောတူလိုက်ကြောင်း သိရပါတယ်။

2010.11.22
nld_youths_305_z.jpg အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီနေ့မနက် ၁၀ နာရီကနေ ၂ နာရီအထိ ရန်ကုန်မြို့ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ တွေ့ဆုံတဲ့ပွဲမှာ NLD ဥက္ကဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လူငယ်လုပ်ငန်း ဖေါ်ဆောင်ရေးအဖွဲ့တွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ဒီနေ့အစည်းအဝေးမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူ NLD လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအေးထွန်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

"တော်တော်များများကတော့ အန်တီပြောတဲ့ လမ်းကြောင်းပေါ်မှာဘဲ မေးကြတာရှိပါတယ်။ ဆက်သွယ်ရေးကွန်ယက် ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စမျိုးတွေ ဒါကိုလည်းသူတို့က အပြည့်အ၀ ထောက်ခံပါတယ်။ လုံခြုံရေးကိစ္စပြောတယ်၊ နောက် ဒုတိယ ပင်လုံ ညီလာခံခေါ်ဖို့ကိစ္စကို သူတို့အနေနဲ့ ထောက်ခံတယ်၊ ကြိုဆိုတယ်။ လိုအပ်တဲ့နေရာမှာ ဖြည့်ပြီးတော့ ဆောင်ရွက်သွားမယ်ပေါ့ဗျာ။ လူငယ် တော်တော်များများက ဒါတွေကို တင်ပြကြပါတယ်။ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်းကိုတော့ အန်တီ့ကို သူတို့အဲဒီမှာဘဲ တိုက်ရိုက်ဆွေးနွေးကြပါတယ်။"

ဒီနေ့လူငယ်အစည်းအဝေးမှာ တက်ရောက်လာတဲ့ လူငယ်အများစုဟာ အသက်အရွယ်ပိုင်းအရ ၃၅ နှစ် ပတ်ဝန်းကျင် အများစုဖြစ်တဲ့အတွက် နောက်နောင်မှာ မျိုးဆက်သစ် အသက် ၂၀ ပတ်ဝန်းကျင် လူငယ်ထုအနေနဲ့ပိုပြီးပါဝင်လာအောင် ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ ကိုလည်း သဘောတူလိုက်ကြောင်း သိရပါတယ်။ ဒီနေ့အစည်းအဝေးကို NLD အဖွဲ့ဝင်မဟုတ်တဲ့ လူငယ်တွေလည်း တက်ရောက်ခဲ့ကြောင်း စုစုပေါင်း သုံးရာကျော်ရှိကြောင်း သိရပါတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုံးကြိုင် နဲ့လူငယ်တာဝန်ခံ ကိုအေးထွန်း နဲ့ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။


ဦးအုံးကြိုင်နှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
ကိုအေးထွန်းနှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။