ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ တောင်အာဖရိက သံအမတ်ကြီး ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီလို တွေ့ဆုံခဲ့ပြီး မွန်းတည့် ၁၂ နာရီမှာ ဗဟန်း ရွှေဂုံတိုင်လမ်းမှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို သွားရောက်ပြီး၊ NLD ဒုတိယဥက္ကဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။ ဦးတင်ဦးက NLD ပါတီ ဆက်လက် ရပ်တည်နေပုံနဲ့ ရှေ့ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ပြည့်ပြည့်စုံစုံ ပြန်လည် ဖြေကြားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်၊ သံအမတ်ကြီး Mr. Gibson နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။