ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန် Mainichi သတင်းစာ ဆောင်းပါး

နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့လ က ဂျပန် မိုင်နိချိသတင်းစာ သတင်း ထောက်နဲ့ တွေ့ဆုံခဲ့ပြီး လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်အထိ မပြတ်ရေးသားခဲ့တဲ့ မြန်မာပြည်က ပေးစာများ (Letters from Burma) ဆောင်းပါးကဏ္ဍ ကို ဆက်လက်ရေးသားမယ့်အကြောင်း ပြောဆိုခဲ့ အပြီး မနေ့က ဇန်နဝါရီလ ၁ ရက်နေ့ထုတ် သတင်းစာ မှာ ပထမဆုံးဆောင်းပါး ဖော်ပြခဲ့ပါတယ်။

0:00 / 0:00

ဆောင်းပါးအမည်က “အတိတ်ကိုလည်ပြန်ကြည့်ရင်း အနာဂတ်ကို ဦးတည်” လို့ တိုက်ရိုက် အဓိပ္ပါယ်ရတဲ့ 'Looking Back, Looking Forwards' ဖြစ်ပါတယ်။ကိုကျော်မင်းထွန်းက ကောက်နှုတ် မြန်မာပြန်ဆိုပြီး စုစည်း တင်ပြထားပါတယ်။

နှစ်တနှစ်ရဲ့ အစဟာ ပြန်လည်ဆန်းသစ်ခြင်း၊ ပြန်လည် ခွန်အားဖြည့်ခြင်း၊ ရှေ့လုပ်ငန်းစဉ်အတွက် ဦးတည်ချက်တွေ ချမှတ်ခြင်းနဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်လည်အောက်မေ့ခြင်း စတဲ့ကိစ္စတွေ ဆောင်ရွက်ကြရတဲ့ ကာလ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်ကို ပြန်ကြည့်ရင် အလဟဿဖြစ်ပြီး လုံးလုံး ပျောက်ပျက်သွားစရာ အမှတ်တရ အဖြစ်အပျက် အသေးလေးတွေ ပြန်တွေ့ရတာ ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းတရက်နေ့ကို ဘယ်လို ကုန်ဆုံးခဲ့သလဲ ဆိုတာ မမှတ်မိတော့ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆောင်းပါးအစမှာ ရေးသားထားပါတယ်။

ဒါပေမယ့် စိတ်သက်သာစရာ အခြေအနေတော့ မဖြစ်နိုင်ပါဘူးလို့ ဆိုပါတယ်။ အိမ်ပြင်တဲ့အလုပ်ကို ၂၀၀၉ ဒီဇင်ဘာလကတည်းက စခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း စည်ပင်သာယာက အမိန့်နဲ့ ပြင်ဆင်တာကို ရပ်ထားလိုက်ရတယ်လို့ ရေးသားထားပါတယ်။

“ကျမ ရှေ့နေတွေက စည်ပင်သာယာအမိန့်ကို ပြန်ပြင်ပေးဖို့ ကြိုးစားကြပါတယ်။ အဲဒီ အချိန်ကာလအတွင်း ဂျပ်စက္ကူ ပုံးခွံတွေ အများကြီးကာထားရတဲ့ အခန်းတွေ၊ အမျိုးအမည် မခွဲနိုင်ဘဲ စောင်ထူထူနဲ့ ပတ်ထားရတဲ့ ပစ္စည်းတွေ၊ ပစ္စည်း အပြည့်အသိပ် ထည့်ထားရတဲ့ ခရီးဆောင်အိတ်တွေနဲ့ ယိုင်လုလု စာအုပ်ပုံတွေ ကြားထဲမှာ ကျမ လပေါင်းများစွာ နေခဲ့ရပါတယ်

“စာအုပ်စင်ကြီးတလုံး၊ စားပွဲအိုတွေနဲ့ ပုံပန်းမကျ အထုပ်အပိုးတွေ ကြားထဲမှာ ရှိနေတဲ့ အိပ်ယာပေါ်က ကြည့်ရင် အချပ်လိုက် ကွာနေတဲ့ အိမ်ခေါင်မိုး အစအနတွေကို ကောင်းကောင်း မြင်နေရပါတယ်။ ပျက်စီးလာနေတဲ့ အိမ်ခေါင်းမိုး အစအနတွေကို ကြည့်ရင်း ယိုယွင်းခြင်းနဲ့ ပျက်စီးခြင်းတို့ရဲ့ သဘောသဘာ၀ အကြောင်း ကျမ လေ့လာ သုံးသပ်နေခဲ့ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးမှာ ၂၀၁၀ ရဲ့ ပထမ ၄ လတာ ကာလဟာ ရုပ်ပိုင်းဆိုင်ရာ ပင်ပမ်းဆင်းရဲ ဖြစ်ရတာတင် မကဘဲ စိတ်ပိုင်းဆိုင်ရာမှာလည်း တင်းတင်းကြပ်ကြပ် နေထိုင် လှုပ်ရှားရတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်က အင်းစိန်ထောင် တရားရုံးမှာ ချမှတ်ခဲ့တဲ့ စီရင်ချက် ပြစ်ဒဏ်ကို အယူခံတင်ဖို့အတွက် ရှေ့နေတွေက အခါအားလျှော်စွာ လာရောက်တွေ့ဆုံ ဆွေးနွေးကြပြီး၊ ဥပဒေရေးရာ လုပ်ငန်းစဉ်ကို စိတ်ဝင်စားမိခဲ့သလို အလွန် အတွေ့အကြုံ ရင့်ကျက်တဲ့ ရှေ့နေကြီးတွေဆီက အတွေ့အကြုံတွေကို လေ့လာ သင်ယူခဲ့တယ်လို့ ဆိုပါတယ်။

ရှေ့နေကြီးတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဥပဒေရေးရာ အထောက်အကူပြု ကော်မတီနဲ့ ပတ်သက်လို့ အထူး ဂုဏ်ယူမိကြောင်း၊ သူတို့ဟာ တရားဥပဒေ စိုးမိုးရေးနဲ့ မြန်မာနိုင်ငံတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အခွင့်အရေး ကာကွယ်ပေးရေးတွေအတွက် ၁၉၉၅ ကတည်းက ကြိုးစား လုပ်ဆောင်နေကြသူတွေ ဖြစ်ကြောင်း၊ အဲဒီအထဲက ရှေ့နေဦးဉာဏ်ဝင်းဆီက မိမိ နေအိမ်အပြင်ဘက် နိုင်ငံရေးလောကမှာ ဖြစ်ပျက်နေတာတွေကို သိရှိခွင့် ရခဲ့သလို ပါတီရဲ့ ဆုံးဖြတ်ချက်ချရေး လုပ်ငန်းစဉ်တွေမှာ အတိုင်းအတာ တခုအထိ ပါဝင်ခွင့် ရခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ နှစ်ဖြစ်တဲ့ အဲဒီကာလဟာ ကိုယ်ရေးကိုယ်တာ ကျန်းမာရေး အခြေအနေကို ထည့်စဉ်းစား ပြောဆိုဖို့ ဆိုတာထက် အသိပညာပိုင်းမှာ စိမ်ခေါ်ချက်တွေ ရင်ဆိုင်ခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးပါတယ်။

မြန်မာနှစ်ကူးချိန်ဖြစ်တဲ့ ဧပြီလလယ်မှာပဲ တရားရုံးက အိမ်ကို ဆက် ပြင်ဆင်ဖို့ အမိန့်ချပါတယ်။ အဲဒီ နောက်ရက်မှာပဲ အုပ်စုဖွဲ့ ရောက်လာတဲ့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ဝင်တဲ့ ဆူညံသံတွေက တအိမ်လုံး ပျံ့ သွားခဲ့တယ်လို့ ဆိုပါတယ်။

“လုပ်စရာတွေက အများကြီး ရှိနေပါသေးတယ်။ အဓိက ကတော့ အိမ်ခေါင်မိုး ပြင်ဖို့ပါ။ နှစ်ပေါင်းများစွာ မုတ်သုန်မိုး ရွာတဲ့လတွေမှာ ကျမအိပ်ခန်း အနှံ့ အိပ်ယာရွှေ့ရ၊ ရေဇလုံနဲ့ ရေပုံးတွေ ရွှေ့ရနဲ့ ခေါင်မိုးက မိုးရေ ယိုပေါက်တွေက ကျလာတဲ့မိုးကနေ မွေ့ယာနဲ့ လူကို မိုးမစို ကာမိဖို့ ကြိုးပမ်းခဲ့ရတာဟာ စစ်ဘုရင် ကစားကွက်မှာ ကစားကွက် ရွှေ့ရသလိုပါပဲ။ အခုတော့ ခေါင်မိုးကို လုံအောင် လုပ်ကြရပါပြီ။

နောက်နှစ်တွေမှာ မိုးရွာတာကို ဥပေက္ခာ ပြုနိုင်တော့မယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာလို ဆိုရင်တော့ ခေါင်မိုးလုံတယ် ဆိုတာ လုံခြုံမှုရှိတဲ့ နိမိတ်ပုံပါပဲ။ ခေါင်က မိုးလုံတယ်ဆိုတာ ထိပ်ဆုံးအဆင့်က လုံခြုံစိတ်ချရပြီး တံစက်မြိတ် အောက်ခြေအထိ စိတ်ချနိုင်တယ်ဆိုတဲ့ သဘောပါ”

ပြင်ဆင်တယ်၊ အသစ် ပြုပြင်တယ်ဆိုတာ အနာဂတ်အတွက် ရုပ်ပိုင်းဆိုင်ရာအရ ပိုပြီး စိတ်ချလက်ချ ဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီထက် ပို အရေးကြီးတာက ဒီအိမ်ပြင်တာကနေ ရလာတဲ့ လူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းက ရုပ်ဝတ္ထုပစ္စည်းတွေက ပေးတဲ့ လုံခြုံရေးထက် ပိုအရေးကြီးလှပါတယ်။ အိမ်ပြင်တဲ့ ၅ လခန့်မှာ နေ့စဉ်လိုလို အိမ်ပြင်ရာမှာ ပါဝင်တဲ့ လက်သမားတွေရဲ့ ဘဝနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ အကြောင်း သိခွင့်ရခဲ့သလို မြန်မာနိုင်ငံက အလုပ်သမားထုရဲ့ အခက်အခဲနဲ့ ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ၊ သူတို့ မျှော်လင့်တာတွေနဲ့ တောင့်တတာတွေကို ရဖို့ ဘယ်လို ကြိုးစားရမလဲ ထင်ထင်ရှားရှား မြင်ခဲ့ရတယ်လို့လည်း ရေးပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေနဲ့ နေ့စဉ်ဆိုသလို လုံခြုံရေးကိစ္စ ဆွေးနွေး၊ အလုပ်သမားနဲ့ ပစ္စည်း အသွင်းအထုတ် လုပ်ဖို့ နေ့စဉ် အပေးအယူလုပ်တဲ့ ကိစ္စတွေ ဆောင်ရွက်ရတဲ့အတွက် အခက်အခဲဆိုတာ ခိုင်လုံတဲ့ ကြောင်းကျိုး ဆင်ခြင်မှုနဲ့ ပျော့ပျော့ပြောင်းပြောင်း ရှိမယ်ဆိုရင် နှစ်ဘက် ပူးတွဲ ဖြေရှင်းလို့ရတယ်ဆိုတာ တွေ့မြင်ခဲ့ရလို့လည်း ရေးသားထားပါတယ်။

၂၀၁၀ ပြည့်နှစ်ဟာ သူမ အိမ်ကို အများကြီး တိုးတက်အောင် ပြင်ခွင့်ရလိုက်ပေမယ့် ပြည်သူအားလုံးရဲ့ နိုင်ငံအတွက်တော့ ဘာတွေ ပြင်ဆင်နိုင်ခဲ့ပါပြီလဲ၊ ဒီကိစ္စက ပိုပြီး အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး နောင် ပြောပြပါဦးမယ်လို့ ရေးပါတယ်။

အနှစ် ၂၀ တိုင်တိုင် Mainichi သတင်းစာရဲ့ ပံ့ပိုးမှုနဲ့ ခင်မင်မှုတွေကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့ ဆောင်းပါးနိဂုံးမှာ ဟိန္ဒူ ဝေဒဂါထာ တပုဒ်ကို အခြေခံထားတဲ့ အိန္ဒိယပညာရှင် ကာလီဒါသရဲ့ အရုဏ်ဦးကို ဦးညွတ်ခြင်း ကဗျာထဲက စာသားတချို့နဲ့ အဆုံးသတ်ထားပါတယ်။ ဒီကဗျာက ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် အထူး အရေးပါခဲ့ဲပြီး သူ့အတွက် အတွေးအမြင်၊ အသိဉာဏ်ပညာတွေ ပေးခဲ့တဲ့ ကဗျာဖြစ်တယ်လို့ ရေးသားထားပါတယ်။

မနေ့ဆိုတာ တခြား ဘာမှမဟုတ်၊ အိပ်မက်တခုမျှသာ။

မနက်ဖြန်ဆိုတာလည်း အတွေးအမြင်တခုပါ။

ဒါပေမယ့် ဒီနေ့ကတော့ ကောင်းမွန်တင့်သင့်စွာ ရှင်သန်ရပါမယ်။

မနေ့ ဆိုတာကို ပျော်ရွှင်ခြင်းအိပ်မက် တခုအဖြစ် ဖန်တီးပြီး မနက်ဖြန်တိုင်းကို မျှော်လင့်ခြင်း အတွေးအမြင်တခု အဖြစ် တည်ဆောက်ရပါမယ်။

ဒါ့ကြောင့် ဒီလို ဒီကနေ့ကို ရဖို့ ထိန်းသိမ်း ရှင်သန်ရပါမယ်။

အသံဖိုင်ယူရန်။