နိုင်ငံတချို့ဟာ နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ပြီး အသင်းအဖွဲ့တွေကို ကြိုးကိုင်မှုတွေရှိတာကြောင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေဟာ လိုအပ်တဲ့ဥပဒေဖြစ်တယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက ဥပဒေကြမ်းတင်သွင်းစဉ် ပြောခဲ့ပါတယ်။
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ တင်သွင်းတဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဘာကြောင့်ပြဌာန်းဖို့ လိုအပ်တယ်ဆိုတာကို အခုလိုတင်ပြခဲ့တာပါ။
"နိုင်ငံတချို့ဟာ နိုင်ငံများစွာထဲကို ဝင်ရောက်ပြီးတော့ ဒီနိုင်ငံတွေထဲမှာရှိတဲ့ အားကောင်းနေတဲ့ အသင်းအဖွဲ့၊ ရည်ရွယ်ချက်ကောင်းနေတဲ့ အသင်းအဖွဲ့တွေကို နောက်ကနေ အလှူငွေများ ပေးကမ်း ရာကနေပြီးတော့ ကြိုးကိုင်မှုတွေဖြစ်လာတာကိုလည်း သာဓကတွေများစွာ တွေ့ရပါတယ်။ အလားတူ ဒီနိုင်ငံတွေဟာ အသင်းအဖွဲ့အငယ်များမှသည် တသီးပုဂ္ဂလ လူပုဂ္ဂိုလ်များကိုရော နောက် ဆုံး နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ကိုပါ အားပေးကူညီမှုတွေ၊ အောင်မြင်မှုတွေ၊ ဒီမိုကရေစီလမ်းပြမှုတွေနဲ့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ အသင်းအဖွဲ့ဥပဒေဟာ ဒီအချိန်မှာ အချိန်ကိုက်လည်းဖြစ်ပါတယ်။ အမှန်တကယ်လည်း လိုအပ်နေတဲ့ဥပဒေလည်း ဖြစ်ပါတယ်။"
အဲ့ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီက ရေးဆွဲတာဖြစ်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ မကြာခဏဆွေးနွေးခဲ့ပြီး အရင်ဥပဒေကြမ်းမှာပါတဲ့ ပြစ်မှုပြစ်ဒဏ်အခန်းကို ပယ်ဖျက်ခဲ့ပါတယ်။
အရင်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွဲ့စည်းတဲ့အသင်းအဖွဲ့ဆိုရင် နှစ်စဉ်ပေးဆောင်ရမယ့် မှတ်ပုံတင်ကြေး ငါးသိန်းသတ်မှတ်ခဲ့ရာကနေ အခုမူကြမ်းမှာ ငါးသောင်းသာ သတ်မှတ်ထားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာသာ ဖွဲ့စည်းတဲ့ အသင်းအဖွဲ့ဆိုရင် မှတ်ပုံတင်ကြေး သုံးသောင်းနဲ့ မြို့နယ်အဆင့် အသင်းအဖွဲ့ဆိုရင် မှတ်ပုံတင်စရာ မလိုတော့ဘူးလို့ အခုမူကြမ်းမှာ ပြင်ဆင်ထည့်သွင်းထားတာပါ။
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်းသွင်းလိုက်တာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။