ကလေးစစ်သားဖြစ်ဖူးသူ ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခံရ


2017.08.19
aungkohtwe-622 ကလေးစစ်သားဖြစ်ဖူးသူ ကိုအောင်ကိုထွေး ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရဖူးတဲ့ ကိုအောင်ကိုထွေး အကြောင်းကို လွတ်လပ်တဲ့အာရှအသံ RFA က မေးမြန်းရာမှာ ဖြေကြားခဲ့တာကြောင့် ကာယကံရှင်ဖြစ်သူ ကိုအောင်ကိုထွေးကို မနေ့ညက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်ပါတယ်။

RFA က ထုတ်လွှင့်ခဲ့တဲ့ သူ့အကြောင်းရုပ်သံတင်ပြချက်ကြောင့်လို့ လာရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့က ပြောတယ်လို့ ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်း က ပြောပါတယ်။

"တရားလိုက ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် က တရားလိုလုပ်ပြီးတော့ စခန်းမှူးက ည ၉ နာရီကျော်က လာဖမ်းတာ။ လူအင်အား ၂၀ ကျော်၊ ၃၀ လောက်တော့ရှိမယ်၊ သူတို့လာဖမ်းတဲ့ဟာက ၅၀၅ (ခ) နဲ့ နိုင်ငံတော်အကြည်ညိုပျက်အောင် RFA သတင်းမှာ လွှင့်ထားတယ်။ ဟုတ်ပါလားဆိုတော့ ဟုတ်တယ်။ အဲဒီအတွက် လာဖမ်းတာ။ ဒီမှာဖမ်းဝရမ်းပါတယ်ဆိုပြီး ဖမ်းဝရမ်းပြပြီး အစ်မမောင်လေးကို ညကခေါ် သွားတာ"

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က လွတ်လပ်တဲ့အာရှအသံ RFA ကနေ ကလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့ ကိုအောင်ကိုထွေး အကြောင်းကို ရုပ်သံတင်ပြချက် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှာ ဒီနေ့နေ့လည်ပိုင်းအထိ ထိန်းသိမ်းထားရာကနေ အင်းစိန်အကျဉ်းထောင်ကို ညနေပိုင်းမှာ ပို့ဆောင်လိုက်တယ်လို့ ကိုအောင်ကိုထွေးရဲ့ အစ်မက ပြောပါတယ်။

လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမှာဖြစ် ပါတယ်။

ကိုအောင်ကိုထွေးဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က သူငယ်ချင်းတစ်ဦးနဲအတူ ညဖက် နေပြည်တော်က ပြန်လာစဉ် ရန်ကုန်ဘူတာကြီးမှာ ကလေးစစ်သားအဖြစ် ခေါ်ဆောင်သွားခံရပါတယ်။

သူ့သူငယ်ချင်းက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူဟာ တပ်မတော် တပ်ရင်းတစ်ခုမှာ ၂ နှစ်နီးပါးလောက်နေ ခဲ့ရပြီး ထွက်ပြေးစဉ် ဆိုင်ကယ်လုယက်ရင်း အတူပြေးလာသူထဲကတစ်ဦးက လူသတ်မိတာကြောင့် သူပါ လူသတ်မှုနဲ့ သေဒဏ်ကျခဲ့ပါတယ်။

နောက်ပိုင်း သေဒဏ်ကနေ တသက်တကျွန်း၊ တသက်တကျွန်းကနေ ထောင်ဒဏ် ၁၀ နှစ်ပြောင်းခံရပြီး ဒီနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ မန္တလေး အိုးဘိုထောင်ကနေ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (ခ) ဟာ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော် လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေ တန်ရာသည့် အကြောင်းရှိလျှင် တရားစွဲဆိုနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဒီပုဒ်မအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်အထိ ကျခံနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။