NLD ပါတီခေါင်းဆောင်များကို ဩစတြေးလျသံအမတ်ကြီးတွေ့ဆုံ

ရန်ကုန်မြို့ ဩစတြေးလျနိုင်ငံ သံရုံးက သံအမတ်ကြီး Michelle Chan ဦးဆောင်တဲ့ သံကိုယ်စားလှယ်အဖွဲ့ဟာ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်းတို့နဲ့ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ နေ့လည် ၁ နာရီက ဦးတင်ဦးရဲ့ နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မဲ့ သံအမတ်ကြီး Ms. Chan အတွက် နှုတ်ဆက်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့ ကျင်းပမှာ ဖြစ်ပြီး၊ အန်အယ်ဒီ ခေါင်းဆောင်တွေကို ကိုယ်တိုင် လာရောက် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဩစတြေးလျ သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ အန်အယ်ဒီပါတီနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အလေးထား မေးမြန်းခဲ့တယ်လို့ အန်အယ်လ်ဒီ ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက တွေ့ခွင့်ရရင် တွေ့လိုကြောင်းလည်း စကားပါးတယ်လို့ သိရပါတယ်။