၈၈ ရဲ့ ဆန္ဒပြခွင့် လျှောက်ထားချက်ကို သက်ဆိုင်ရာ ခွင့်ပြု

ပြည်သူအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ ပြင်ဆင်ဖို့နဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော် စုပေါင်းပြီး ဆန္ဒပြတောင်းဆိုမယ့်ကိစ္စကို သက်ဆိုင်ရာက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီကနေ ၅ နာရီထိ ရန်ကုန်မြို့ လွပ်လပ်ရေးကျောက်တိုင်ရှိရာ မဟာဗန္ဓုလပန်းခြံအနီးမှာ ဆန္ဒပြမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက လူ့အခွင့်အရေးကော်မတီ တာဝန်ခံ ကိုပြုံးချိုက ပြောပါတယ်။

ဆန္ဒပြခွင့်လျှောက်ထားချက်ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ခွင့်ပြုတဲ့အချက်တွေထဲမှာ ဆန္ဒပြမယ့်နေရာ၊ အချိန်၊ ပါဝင်မယ့်လူဦးရေ၊ ဟောပြောခွင့်ရှိသူ၊ ဟောပြောခွင့်ပြုတဲ့ အကြောင်းအရာ၊ ခွင့်ပြုတဲ့ကြွေးကြော်သံ၊ ခွင့်ပြုတဲ့ဆိုင်းဘုတ်/ပိုစတာစသဖြင့် ဖေါ်ပြထားပါတယ်။ ခွင့်မပြုတဲ့အကြောင်းအရာတွေကတော့ ယဉ်တန်းနဲ့ စီတန်းလှည့်လည်တာ၊ အသံချဲ့စက်သုံးတာအပါအဝင် အချက် ၇ ချက် တားမြစ်ကန့်သတ်ထားပါတယ်။

အဲဒီဆန္ဒပြပွဲကို ဇန်နဝါရီလ ၄ ရက်နေ့မှာပြုလုပ်ဖို့ အစောပိုင်းကလျှောက်ထားခဲ့ပေမယ့် အဲဒီနေ့ဟာ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့်ဆိုပြီး သက်ဆိုင်ရာရဲစခန်းက ပယ်ချခဲ့တဲ့အတွက်၊ အခုလို ဇန်နဝါရီလ ၅ ရက်နေ့ကို ပြောင်းလဲစီစဉ်ကြတာဖြစ်ပါတယ်။