၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူရေးအတွက် နေပြည်တော်မှာ ကျင်းပမယ့် လူထုစည်းဝေးပွဲ အစီအစဉ် ပိတ်ပင်ခံရကြောင်း သတင်းရရှိပါတယ်။
လက်ရှိ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်မလား၊ အသစ်ရေးမလား ပြည်သူ့သဘောထားသိရှိဖို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က နိုင်ငံတဝှမ်း မြို့ကြီးတချို့မှာ လူထုစည်းဝေးပွဲတွေ ကျင်းပကောက်ခံနေရာမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာလည်း လာမယ့်နိုဝင်ဘာလ ၁၈ ရက် တနင်္လာနေ့မနက်မှာကျင်းပဖို့ သက်ဆိုင်ရာကိုအကြောင်းကြားပြီး စီစဉ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီကိစ္စကို ခွင့်မပြုနိုင်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ မြို့နယ်အာဏာပိုင်တွေက နိုဝင်ဘာလ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့သလို၊ သောကြာနေ့ညကလည်း ထပ်မံအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စည်းဝေးပွဲကျင်းပမယ့် လယ်ကွင်းရဲ့ပိုင်ရှင်ကိုလဲ လယ်ကွင်းမှာ လယ်လုပ်ငန်းကလွဲလို့ တခြားကိစ္စတွေ အသုံးပြုခွင့်မပေးနိုင်ကြောင်း အောင်ဇမ္ဗူရပ်ကွက် လယ်ယာမြေစီမံခန့်ခွဲမှုဥက္ကဌ လက်မှတ်နဲ့စာထုတ်ပြီး တားမြစ်လိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပွဲစီစဉ်နေသူ NLD လွှတ်တော် ကိုယ်စားလှယ်တွေက ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် သက်ဆိုင်ရာနဲ့ သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့သလို၊ ငြိမ်းချမ်းစွာစုဝေးခွင့်ကို NLD ဘက်က ဥပဒေနဲ့အညီ တင်ပြပြီးပြီဖြစ်တဲ့အတွက် ဟောပြောပွဲကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ့်အကြောင်း နိုဝင်ဘာလ ၁၅ ရက် နေ့စွဲနဲ့အကြောင်းကြားစာ ပြန်ပေးပို့လိုက်တယ်လို့ ဟောပြောပွဲစီစဉ်နေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက RFA ကို ပြောပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒသဘောထားကောက်ခံပွဲကို ဇမ္ဗူသီရိမြို့နယ် အောင်သပြေရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း နေပြည်တော်ကောင်စီရုံးအနီးက လယ်ပိုင်ရှင် ဦးမင်းသူရိယရဲ့ လယ်ကွင်းမှာ လာမယ့် တနင်္လာနေ့ မနက် ၈ နာရီခွဲကနေ ၁ဝ နာခွဲ အထိ ကျင်းပဖို့စီစဉ်နေတာဖြစ်ပြီး၊ အဲဒီဟောပြောပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မယ်လို့ ကြေညာထားပါတယ်။