စစ်တွေမြို့နယ်ရှိ မွတ်စလင်ရွာများကို 'ကောက်ကွက်' စီမံချက်စတင်

လာမယ့် ၂ဝ၁၄ ခုနှစ်မှာ မြန်မာ တစ်နိုင်ငံလုံး ကောက်ခံမယ့် သန်းခေါင်စာရင်း စီမံချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းက မွတ်စလင် ကျေးရွာပေါင်း ၄ဝ ကျော်မှာ 'ကောက်ကွက်' ဆိုတဲ့ စီမံချက် အမည်နဲ့ မနေ့က စတင်ပြီး သန်းခေါင်စာရင်း ကောက်ယူနေပါတယ်။

အဲဒီလိုကောက်ခံတာဟာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ မွတ်စလင် လူဦးရေစာရင်းကို ကောက်ခံတာ မဟုတ်ဘဲ လက်ရှိ နေအိမ်တွေကိုသာ အဓိကထား ကောက်ခံတာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ၊ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက RFA ကိုပြောပါတယ်။

“စစ်တွေမြို့နယ်က ဘင်္ဂလီကျေးရွာတွေကို နဂိုကတည်းကရှိတဲ့ အိမ်အရေအတွက်ထဲမှာ ပိုနေသလား၊ လျော့နေသလား၊ ဒါလေးကိုစိစစ်တာ၊ နောင်သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ထပ်ပြီးတော့ အငြင်းပွားဖွယ်ရာ အတိုးအလျော့မဖြစ်အောင်ကောက်တာ”

"ကောက်ကွက်" စီမံချက်အရ စစ်တွေမြို့နယ် အတွင်းက အောင်ဒိုင်၊ ခတင်ပိုက်၊ မောင်နီပြင်၊ ဂန့်ကော်ကျွန်းစတဲ့ မွတ်စလင် ကျေးရွာပေါင်း ၄ဝ ကျော်က နေအိမ်တွေနဲ့ အဆောက်အဦးတွေကို မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်တွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာန (လဝက) အပါအဝင် မ.က.ဖ လို့ခေါ်တဲ့ တရားမဝင် နိုင်ငံခြားသားများ တားဆီး ကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ၁၅ ဦးပါအဖွဲ့က ဦးဆောင် ကောက်ခံနေတာဖြစ်ပါတယ်။

"ကောက်ကွက်"စီမံချက်ကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ကိုအပြီး ကောက်ခံသွားမှာဖြစ်ပြီး ဒီစီမံချက်ကို ရခိုင်ပြည်နယ်က တစ်ခြားမြို့နယ်တွေမှာလည်း ဆောင်ရွက်နေပါတယ်။