ရယက ဥက္ကဋ္ဌကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

နေပြည်တော် ပုဗ္ဗာသီရိမြို့နယ် ဆိပ်နံတုန်းကျေးရွာက လယ်မြေတွေ သိမ်းယူခံရတဲ့ကိစ္စကို လယ်သမားတွေ ဘက်က ရပ်တည်ပြီး ခုခံပြောဆိုခဲ့တဲ့ ရယက ဥက္ကဋ္ဌ ဦးကျော်ကြီးနဲ့ ရွာသားတချို့ကို နယ်မြေခံ စစ်တပ်က လာရောက် ထုထောင်း ရိုက်နှက်ပြီး ဖမ်းဆီးချုပ်နှောင် ထားတယ်လို့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။

2011.01.16

“လယ်တွေကို စစ်တပ်က အဓမ္မ သိမ်းနေတယ်။ အဲဒါကို ရဝတ ဥက္ကဋ္ဌ ကိုကျော်ကြီးက ဒီကိစ္စ မတရားဘူး၊ ဒါ လယ်သမားတွေအတွက် နစ်နာတယ်ဆိုပြီး ပြောတဲ့အခါမှာ စစ်တပ်ကနေ သူ့ကို ဖမ်းပြီး ထုထောင်းရိုက်နှက်ပြီး အချုပ်ထဲ ထည့်ထားတယ်ဗျာ။ အတွင်းရေးမှူး ကိုအေးငြိမ်းချမ်းကိုလည်း အဲဒီစကားပြောတဲ့အတွက် သူ့ကိုလည်း ဖမ်းထားတယ်။ ရွာသား ကိုနေဝင်း ကိုလည်း ထုထောင်းပြီးတော့ ဆိုင်ကယ်ကို သိမ်းထားတယ်ဗျာ”

ဆိပ်နံတုန်းကျေးရွာဟာ ပျဉ်းမနားမြို့ အနောက်ဘက် ၂ မိုင်ကျော် အကွာမှာ တည်ရှိပါတယ်။ အဲဒီဒေသတွေမှာ လယ်မြေတွေ အသိမ်းခံရတဲ့ကိစ္စ၊ အိမ်ခြေပေါင်း ၁ ထောင်လောက် အဓမ္မ ဖျက်ဆီးခံရတဲ့ ကိစ္စတွေကို ကျေးရွာလူကြီးတွေက ပြည်ပ အသံလွှင့်ဌာနတွေကို ထုတ်ဖော် ပြောဆိုခဲ့တဲ့အတွက် စစ်တပ်က အခုလို လာရောက်ရိုက်နှက်ပြီး ဖမ်းဆီးထားတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က စလို့ စစ်တပ်နဲ့ အာဏာပိုင်တွေက လူနေအိမ်တွေကို အဓမ္မ ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းကို RFA က မနေ့က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။