အဲဒီလို သိမ်းဆည်းလိုက်တဲ့ နေရာဟာ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဖောင်းတော ကျေးရွာတဝိုက်က မြေနေရာတွေ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
“တတိယမြောက် ဓာတ်ငွေ့ပိုက်လိုင်းကို ထိုင်းနိုင်ငံ ကန်ချနဘူရီကို သွယ်တန်းတဲ့နေရာ အစပေါ့။ အဲဒီပိုက်လိုင်းကလည်း ရေနက်ဆိပ်ကမ်း စီးပွားရေးဇုံရဲ့ အစိတ်အပိုင်းတခုပဲ။ အဲဒီအတွက် သိမ်းတာ။ လျော်ကြေး ပေးတယ် ဒါပေမယ့် တဧကကို ၃ သောင်းပဲ။ အမှန်တကယ် ပေါက်ဈေးက ၂ သိန်းခွဲ ၃ သိန်းလောက် ရှိတယ်”
အရင်က စစ်အစိုးရရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြေနေရာလိုအပ်လာရင် မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ မြေစာရင်း ဦးစီးဌာနက လာရောက် သိမ်းဆည်းတာ ဖြစ်ပေမယ့် အခု ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကျေးရွာဥက္ကဋ္ဌတွေကို ညွှန်ကြားပြီး သိမ်းဆည်းခိုင်းခဲ့တယ်လို့ သိရပါတယ်။
သိမ်းဆည်းထားတဲ့ မြေတွေအတွက် လျော်ကြေး ပြန်ပေးနေတယ် ဆိုပေမယ့် မြေပိုင်ရှင် အားလုံးကို ပြန်မလျော်သေးဘူးလို့ သိရပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား သဘောတူညီချက်ကို ၂ဝဝ၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်း ပြီးစီးသွားရင် အနောက်နိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းက တင်ပို့မယ့် ကုန်ပစ္စည်းတွေကို ထားဝယ် ရေနက်ဆိပ်ကမ်းကတဆင့် မြန်မာပြည် ကုန်းတွင်းပိုင်းကို ဖြတ်ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို တင်ပို့ဖို့ လျာထားတယ်လို့ သိရပါတယ်။