နမ့်ခမ်းဒေသ စစ်ဘေးဒုက္ခသည်တွေ ပြန်လာဖို့ အာဏာပိုင်တွေ ဖိတ်ခေါ်

0:00 / 0:00

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေကြား တရုတ်-မြန်မာနယ်စပ်အနီးမှာ တိုက်ပဲွဲဖြစ်ပွားခဲ့တာကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေ နေရပ်ပြန်လာဖို့ မြန်မာအစိုးရက ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကနေ့ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ မြန်မာစစ်တပ်က တာဝန်ရှိသူတချို့အပါအဝင် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး ဒေသခံတွေ နေရပ်ကိုပြန်လာဖို့ ပြန်ခေါ်တာဖြစ်တယ်လို့သိရပါတယ်။

အဲဒီတွေ့ဆုံမှုမှာ စစ်ပြေးဒုက္ခသည်တွေ နေရပ်ကိုပြန်လာဖို့ ပြောကြားလိုက်တယ်လို့ နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းက RFA ကို ပြောပါတယ်။

"ဒီနေ့မနက်ပိုင်းက ရွာလူကြီးတွေနဲ့ ဂျီဝမ်းကြီးကော သူတို့အမြန်ဆုံးပြန်လာအောင် ဆွေးနွေးတယ်၊ အားလုံးပြေလည်သွားပြီ၊ အစကတော့ ကျွန်တော်က မိုင်းတွေရှင်းပေးဖို့၊ ဗျူဟာမှူးက မိုင်းတွေရှင်းပြီးသွားပြီပြောတယ်၊ သူတို့က အာမခံတယ်၊ ဖြစ်ရင်လည်း ဖုန်းတစ်ခါဆက်၊ မကျန်းမာတာရှိရင်လည်း တပ်ကဆေးအဖွဲ့မှာလာတောင်းပါ၊ အစာရေစာလိုတာရှိရင် တပ်မှာလာတောင်းပါလို့ သူတို့ကပြောတယ်"

အစိုးရနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်တွေအကြား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ရာမှာ တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်အတွင်းက ဒေသခံကျေးရွာ ၄ ရွာက လူပေါင်းတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ကြတာ ဖြစ်ပါတယ်။

နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။