တိုင်းရင်းသားရေးနဲ့ ငြိမ်းချမ်းရေး ဦးစားပေးမယ်လို့ ဦးအေး သာအောင် ပြောဆို
2016.02.02
တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ကိစ္စတွေကို ဦးစားပေးဆောင်ရွက်မယ်လို့ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌအဖြစ် လျာထားခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင်က ပြော ပါတယ်။
မနက်ဖြန်ကျင်းပမယ့် အမျိုးသားလွှတ်တော်အတွက် အစမ်းလေ့ကျင့်အပြီးမှာ ဦးအေးသာအောင်က သတင်းထောက်တွေ ကို ပြောကြားလိုက်တာပါ။
"ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရှိပါတယ်၊ နောက်တစ်ခုက ကျနော်တောက်လျှောက်လုပ်လာတဲ့ တိုင်းရင်းသား အရေး၊ ပြည်တွင်းစစ် ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ တိုင်းရင်းသားများနဲ့ သဟဇာတဖြစ်ဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ကိစ္စများကို ဦးစားပေးဆောင်ရွက်သွားမယ်၊ အဓိကကတော့ ပြီးခဲ့တဲ့လွှတ်တော် မှာ ကြံ့ခိုင်ရေးပါတီက အများဆုံးအနိုင်ရတယ်၊ အခုလွှတ်တော်မှာ ကတော့ NLD က အများဆုံးအနိုင်ရတယ်၊ ဒါကပြည်သူတွေက ရွေးချယ်ပြီးပေးလိုက်တာပါ"
အစမ်းလေ့ကျင့်ပွဲကို အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် လျာထားခံရသူ ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အာဇာနည် မန်းဘခိုင်မြေးဖြစ်သူ ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌအဖြစ် လျာထားခံရသူ ရခိုင်တိုင်းရင်းသား ဦးအေးသာအောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်အနိုင်ရ ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။
အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၃၅ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၀ ဦး၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦး၊ တစ်သီးပုဂ္ဂလ ၂ ဦးအပါအဝင် ၁၆၈ ဦးရှိပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦးနဲ့ပေါင်းရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးရှိပါတယ်။
မနက်ဖြန်ကျင်းပမယ့် အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ဒုတိယရွေးချယ်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ချင်းပြည်နယ်အမှတ် ၄ က ဦးဇုန်လှယ်ထန်းက သဘာပတိအဖြစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတရာထူးကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးဖို့ရှိတယ်လို့ NLD ခေါင်းဆောင်တွေ က ပြောပါတယ်။ လွှတ်တော်အစည်းအဝေးတွေမှာ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့ထားဖို့အတွက် လွှတ်တော်လမ်းကြောင်းကနေ ဆောင်ရွက်ဖို့ ဥပဒေပညာရှင်တွေ က ပြောကြပါတယ်။
RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကန့်သတ်ချက်တွေရှိနေပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ရမယ်လို့ ပါတီနာယက သူရဦးတင်ဦးက ပြောပါတယ်။
သူရဦးတင်ဦးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။