၂ဝ၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရကို ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ တင်ပြတောင်းဆိုသွားမယ်လို့ ကချင်ပြည်နယ် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ NUP က ပြောပါတယ်။
နောက်တက်လာမယ့် အစိုးရ အဖွဲ့နဲ့ လွှတ်တော်ကို ပထမဆုံး ဒီကိစ္စတင်သွင်းမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးချစ်လှိုင်က ပြောပါတယ်။
"ကျနော်တို့လည်း အခုထက်ထိတော့ ဘယ်လိုအစိုးရတက်လာမလဲဆိုတာ မသိသေးဘူး၊ လူထုဆန္ဒနဲ့ လုပ်မလား၊ မလုပ်ဘူးလား၊ အဲ့ဒါတစ်ပိုင်းထား၊ ကချင်ပြည် နယ်နောက်တစ်နိုင်ငံလုံးအနေအထားအရ မြစ်ဆုံကိစ္စကို အပြီးအပိုင် ပယ်ဖျက်ဖို့၊ ဘယ်သောအခါမှ ဧရာဝတီမြစ်ကိုမထိပါးဖို့ အဲ့ဒီရည်မှန်းချက်နဲ့ လူထုရဲ့ သဘောတူညီချက်၊ လူထုရဲ့ထောက်ခံချက်၊ လူထုရဲ့အင်အားဆိုပြီးတော့မှ ၂ဝ၁၆ မှာ အသစ်ပေါ်ထွန်းလာမယ့်အစိုးရကို ဆက်လက်ပြီး တရားဝင်လမ်းကြောင်း ကနေ တင်သွားပါမယ်၊ လွှတ်တော်ကိုလည်းတင်မယ်၊ အစိုးရအဖွဲ့ကိုလည်းတင်မယ်"
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့ မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့အစိုးရ သက်တမ်းအတွင်းမှာ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ဒေသခံတွေရဲ့လက်မှတ်တွေကို စုဆောင်းလိုက်လံကောက်ယူနေတာ အခုအခါ လက်မှတ် သုံးသောင်းလောက် ရနေပြီ်လို့လဲ သိရပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ တစညပါတီဟာ ကိုယ်စားလှယ်လောင်း ၇ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။