ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နဲ့ ပန်းတနော်မြို့နယ်အတွင်း စက်မှုဝန်ကြီးဌာနနဲ့ ယုဇနကုမ္ပဏီတို့က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၆ ထောင်ကျော်ကို ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ ဧရာဝတီတိုင်း ဝန်ကြီး ဦးမန်းဂျော်နီတို့က မူလတောင်သူ ၄ဝဝ နီးပါးထံ ဒီနေ့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
စွန့်လွှတ်မြေတွေ ပြန်လည်ပေးအပ်တဲ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တိုးရွှေဝါခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ယုဇနကုမ္ပဏီက မြေဧက ၃ ထောင်ကျော်နဲ့ စက်မှုဝန်ကြီးဌာနက မြေဧက ၃ ထောင်ကျော်တို့ကို ပြန်လည်စွန့်လွှတ်ပေးတဲ့အတွက် တောင်သူတွေဆီ ပြန်အပ်တာဖြစ်တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောပါတယ်။
"ဖျာပုံခရိုင်က ဧက ၃ ထောင်၊ နောက်တစ်ခါ မအူပင်ခရိုင်က ဧက ၃ ထောင်ေကျာ်ဆိုတော့ စုစုပေါင်း ၆ ထောင်ကျော်ပြန်ပေးတာပေါ့၊ ပြန်ပေးတဲ့ ကုမ္ပဏီကတော့ စက်မှုဝန်ကြီးဌာနရယ်၊ ယုဇန ဦးဌေးမြင့် သူတို့ရယူထားတဲ့မြေကို မူလလယ်သမားတွေကို ပြန်ပေးတာပေါ့၊ ဒီကိစ္စနဲ့ ပတ်သက်လို့ မူလလယ်သမားတွေကိုယ်တိုင်က တိုက်ရိုက်လက်ခံတာလေ၊ သို့သော်ဒီကြားထဲမှာ မူလလယ်သမားမဟုတ်ပဲနဲ့ ကြားထဲကလယ်သမားတွေ မပါဘူး၊ ပါတယ်ဆိုတာက နောက်ပိုင်းကျရင် သူတို့အချင်းချင်းအငြင်းပွားရင် အန်ကယ်လ်တို့က ဒါကိုလေ့လာစစ်ဆေးပြီး တည့်ပေးမှာပဲလေ"
လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက စီမံကိန်းတွေအတွက် သိမ်းယူထားပြီး အကောင်အထည် မဖော်သေးတဲ့ လယ်ယာမြေတွေကို ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ပြန်လည်စိစစ်ပြီး တောင်သူတွေဆီ ပေးအပ်သွားမယ်လို့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။
ဖျာပုံမြို့နယ်နဲ့ ပန်းတနော်မြို့နယ်ထဲက မြေဧက ၆ ထောင်ကျော်ကို ယုဇနကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာတို့က လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်လောက်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမြေတွေကို ပြီးခဲ့တဲ့ဧပြီလအတွင်းက ပြန်လည် စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းအတွင်း အစိုးရဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေက သိမ်းယူထားတဲ့ လယ်ယာမြေ ဧက တစ်သန်းနီးပါး ကျန်ရှိနေသေးတယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နဲ့ ပန်းတနော်မြို့နယ်အတွင်း ယုဇနကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာနတို့က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၆ ထောင်ကျော်ကို စွန့်လွှတ်ပေးတဲ့အတွက် ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က မူလတောင်သူ ၃၀၀ ကျော်ထံ ဒီနေ့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
လယ်ယာမြေပြန်လည်ပေးအပ်ပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကေ်ာမတီဥက္ကဌ လွှတ်တော်ကိုယ်စား လှယ် ဦးစိန်ဝင်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
