တောင်သူတွေရဲ့ နစ်နာချက်တွေ စဉ်စားပေးဖို့ ညီလာခံမှာ တောင်းဆို

0:00 / 0:00

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကရုဏာခန်းမ မှာ တောင်သူလယ်သမားကွန်ရက် ဆွေးနွေးပွဲကို မနေ့ကစပြီး ၂ ရက်ကြာကျင်းပခဲ့ရာမှာ တောင်သူ လယ်သမားများရဲ့ အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေ ပြဌာန်းတဲ့အခါ တောင်သူတွေရဲ့ နစ်နာချက်တွေကို ထည့်သွင်းစဉ်းစားပေးဖို့ အတွက် ဆွေးနွေးတောင်းဆိုခဲ့ကြပါတယ်။

နည်းဥပဒေမှာ လယ်သမားတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖိ့ုအတွက် တစ်နိုင်ငံလုံးက လယ်သမားအဖွဲ့ချုပ်တွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်က ပြောပါတယ်။

“ကျနော်တို့ လယ်သမားတွေရဲ့ အကျိုးစီးပွား ဒီနည်းဥပဒေမှာ ပါလာဖို့အတွက်ပေါ့၊ ကျနော်တို့အနေနဲ့ကလည်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါရမယ်၊ ပုဒ်မ ၂၉ ခုရှိတယ်၊ ဒီပုဒ်မ ၂၉ ခုတိုင်း အားလုံးဟာပေါ့ တောင်သူလယ်သမားတွေအတွက် ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး အပိုင်းတွေပါပါတယ်၊ လယ်သမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ လယ်သမားအဖွဲ့ချုပ်တွေ အဖွဲ့စည်းတွေက ကိုယ်စားလှယ်တွေကို သီးသန့်ပါဝင်ပြီးတော့ ဆောင်ရွက်ဖို့ဟာ လိုအပ်တယ်”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ်က တောင်သူလယ်သမား အကျိုးစီပွား မြှင့်တင်ရေး ဥပဒေကို အတည်ပြုပြဌာန်းခဲ့ပါတယ်။ နည်းဥပဒေပြဌာန်းဖို့ လိုအပ်နေသေးတာကြောင့် အဲဒီနည်းဥပဒေ ပြဌာန်းတဲ့အခါ စိုက်ပျိုးစရိတ် ချေးငွေမလုံလောက်တဲ့ကိစ္စ၊ လယ်ယာမြေလျော်ကြေး မျှတမှုမရှိတဲ့ကိစ္စတွေအပြင် တောင်သူတွေ ရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းအကာအကွယ်ပေးဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။

၂ ရက်တာကျင်းပတဲ့ တောင်သူလယ်သမားကွန်ရက် နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်း မြို့နယ် ၂၆ မြို့နယ်က တောင်သူလယ်သမား ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

ဒီညီလာခံအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။