ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တနင်္လာနေ့ညနေက ရုတ်တရက် ၇ ပေခန့် မြှင့်တက်ခဲ့ပါ တယ်။ မြစ်ရေတက်မှုကြောင့် တခြားအပျက်အစီးမရှိပေမယ့် စီတာပူရပ်ကွက်က မြစ်အတွင်း သဲသောင်ခုံပေါ်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တစ်ခု ရေမြုပ်သွားပါတယ်။
ဒီတစ်ကြိမ် မြစ်ရေတက်တာဟာ အရင်ထက် သိသိသာသာ ပိုပြီးအရှိန်များတယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနမှူး ဦးတင်ထိုက် က RFA ကို ပြောပါတယ်။
"နစ်မြုပ်တယ်ဆိုတာက သဲသောင်ပြင်မှာ လုပ်ထားတဲ့ဟာကတော့ မြစ်ရေအနည်းငယ်တက်ရုံနဲ့ မြုပ် မှာပဲလေ၊ သူကအန္တရာယ်တော့မရှိပါဘူး၊ မြန်မာပြည်မြောက်ပိုင်းမှာ မိုးနည်းနည်းရွာတဲ့အချိန်ရယ် လွန်ခဲ့တဲ့နှစ်ရက်သုံးရက်က အပူချိန်တက်လာတဲ့အရှိန်ကြောင့် ရေခဲတောင်တွေ အရည်ပျော်တဲ့ အရှိန်ကြောင့် မြစ်ရေအနည်းငယ်တိုးလာတာပါ၊ ဒါအန္တရာယ်တော့မရှိပါဘူး၊ ခါတိုင်းနှစ်တွေ ဖေဖော် ဝါရီလ နောက်ဆုံးပတ်မှာ တိုးတော့တိုးတယ် ဒီလောက်မြန်တဲ့အရှိန်နဲ့တော့ မတိုးဘူးလေ"
သဲသောင်ခုံပေါ်မှာ တည်ဆောက်ထားတဲ့ အဲဒီ လုံဂါပါစားသောက်ဆိုင်က အဆောက်အဦ ၁ဝ ခုကျော် ရေနစ်မြုပ်သွားခဲ့တယ်လို့ ဆိုင်ပိုင်ရှင် မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒေါ်လုလုအောင် က ပြောပါတယ်။
ချီဖွေမြို့နယ်မှာ CPI ကုမ္ပဏီက တည်ဆောက်ထားတဲ့ ချီဖွေငယ် ရေအားလျှပ်စစ်နဲ့ အဲဒီဒေသတစ်ဝိုက်ရှိ တစ်ခြား ရေအားလျှပ်စစ်စက်ရုံတွေက ရေသိုလှောင်ကန်တွေကို ဖွင့်ချလိုက်တာကြောင့် မေခမြစ်ကနေတစ်ဆင့် ဧရာဝတီမြစ်ထဲစီးဝင်ပြီး ရေကြီးတာဖြစ်တယ်လို့ ပြည်နယ်အရာရှိတချို့နဲ့ ဒေသခံတွေက ပြောပါတယ်။ ဒီအချက်ကို သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
ကချင်ပြည်နယ်မှာ တနင်္လာနေ့က ရုတ်တရတ်မြင့်တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေဟာ မြန်မာနိုင်ငံအောက်ပိုင်းကို ဆင်းလာမှာဖြစ်တဲ့အတွက် ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ မြို့တွေကို သတိပေးချက်ထုတ်ပြန်ထားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြစ်ရေခန့်မှန်းရေးဌာန ဦးစီးအရာရှိ ဦးဝင်းမော်က ပြောပါတယ်။
"မြစ်ကြီးနားမှ တက်သွားတဲ့ရေတွေက အောက်ပိုင်းကိုဆင်းတာပါ၊ မြို့အနေနဲ့တော့ စိုးရိမ်ချိန်အမှတ်ကို မရောက်ပါဘူး၊ ဒါပေမဲ့ နိုဝင်ဘာလကနေ မတ်လအထိ ဧရာဝတီမြစ်မှာ သောင်တွေထွန်းတယ်၊ စိုက်ပျိုးရေးလုပ်ကြတယ်၊ တဲတွေထိုးပြီးနေကြတာရှိတယ်၊ ပုံမှန်အရ ဒီအချိန်မှာ ရေမတက်ဘူးဆိုတာ သိတယ် တကယ်လို့ ရုတ်တရက်တက်လာရင် သတိပြုနိုအောင် ကျနော်တို့က ထူခြားမြစ်ရေကြီးမှုသတင်း ကို ထုတ်ပြန်ပေးပါတယ်"
အဲ့ဒီမြစ်ရေဟာ လာမယ့် ၃ ရက်အတွင်း ဗန်းမော်မြို့နဲ့ ကသာမြို့တွေမှာ ငါးပေကနေ ခြောက်ပေအထိ၊ နောက် ၄ ရက်ကနေ ၆ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနဲ့ ညောင်ဦးမြို့တွေမှာ လေးပေကနေ ငါးပေအထိ ၊ နောက်လာမယ့် ၇ ရက်ကနေ ၁၂ ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ သုံးပေကနေ လေးပေအထိ မြင့်တက်နိုင်တယ်လို့ သိရပါတယ်။
