နယ်စည်းမထား အဖွဲ့ဝင်ငါးဦး ထိန်းသိမ်း ခံနေရဆဲ

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ AZG ဒါမှမဟုတ် MSF လို့ လူသိများတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဝန်ထမ်း (၅) ဦး ပါဝင်ပြီး၊ သူတို့အားလုံး ထိန်းသိမ်း ခံထားရဆဲ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံး ဒုတိယ အကြီးအကဲ Ms. Vickie Hawkins က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ လအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ AZG ဝန်ထမ်း ၅ ဦး ပါဝင်တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှု ရှိပါတယ်။ သူတို့ကို ဘယ်အမှုတွေနဲ့ တရားစွဲဆို ထားတယ်ဆိုတာ သိရဖို့အတွက်လည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်လို့ AZG အဖွဲ့ရဲ့ မြန်မာနိုင်ငံရုံး ဒုတိယ အကြီးအကဲ Ms. Vickie Hawkins ရန်ကုန်မြို့မှာ RFA နဲ့ ဒီကနေ့ တွေဆုံစဉ်မှာ ပြောသွားတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေအတွင်း AZG အဖွဲ့က ဘင်္ဂါလီ မွတ်ဆလင် ဝန်ထမ်းတချို့ဟာ အယ်လ်ကိုင်းဒါးလို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ် ပတ်သက်မှု ရှိခဲ့တယ်လို့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီကောလာဟလတွေနဲ့ ပတ်သက်လို့ ငြင်းဆိုကြောင်း Ms. Vickie Hawkins က ပြောပါတယ်။

အဲဒီကာလက ရခိုင်ပြည်နယ်မှာ ကျွန်မတို့ ဝန်ထမ်းတွေ အဖမ်းခံရမှုနဲ့ ပတ်သက်လို့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ အကြီးအကျယ် ပေါ်ထွက်ခဲ့တဲ့အတွက် AZG အဖွဲ့အပေါ် ဂယက်ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ AZG အဖွဲ့ရဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ၊ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ လုံး၀ ပယ်ချလိုပါတယ်။ ကောလာဟလတွေမှာ ဖော်ပြတဲ့ AZG ရဲ့နေရာတွေကိုလည်း အာဏာပိုင်တွေ ရှာဖွေခဲ့ပြီးပါပြီ။ စိုးရိမ် သံသယဖြစ်စရာ ဘာမှ မတွေ့ရှိခဲ့ပါဘူး။ AZG ဟာ ကျန်းမာရေး ကူညီမှု အဖွဲ့အစည်း သက်သက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေကိုလည်း အတိအကျ လိုက်နာနေပါတယ်လို့ ပြောသွားပါတယ်။

AZG နယ်စည်းမထား ဆရာဝန်များ အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်က စလို့ မြန်မာနိုင်ငံ တဝှမ်းမှာ HIV/AIDS ရောဂါ၊ ငှက်ဖျားနဲ့ တီဘီရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်နဲ့ ဆောင်ရွက်နေပါတယ်။

မကြာခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ INGO ဝန်ထမ်း ၁၀ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။