တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ ခုရက်ပိုင်း ရာသီဥတု ဆိုးရွားနိုင်


2016.04.29
bad-weather-620.jpg ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်ထားတဲ့ ထူးခြားမိုးလေဝသ အခြေအနေ သတင်းအစီရင်ခံစာကို တွေ့ရစဉ်
Photo: Zaw Htay Facebook

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ ဒီနေ့ကနေစပြီး မေလ ၅ ရက်နေ့ အထိ ကာလအတွင်း လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ကြောင်း အစိုးရက ထုတ်ပြန်သတိပေးလိုက်ပါတယ်။

မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ ဖြစ်နိုင်တဲ့အတွက် သတိထားနိုင်ကြဖို့ ထုတ်ပြန်တာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

“ဒီ ၂၉ ရက်ကနေပြီးတော့ မေလ ၅ ရက်နေ့အထိပေါ့နော်၊ မွန်းလွဲပိုင်း ညနေပိုင်းတွေမှာဖြစ်နိုင် ပါတယ်၊ ဒီလိုမျိုး မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်လာပြီဆိုရင် ပြည်သူလူထုအနေဲ့ ဘေးလွတ်ရာမှာ အခိုင်အမာရှိတဲ့ အမိုးအောက်မှာ ခိုလှုံသင့်ပါတယ်၊ ဒီလိုဖြစ်စဉ်က အကြာကြီးမဖြစ်တတ်ဘူး၊ ၁၅ မိနစ် နာရီဝက်လောက်ပဲ ပုံမှန်ဖြစ်တယ်ပေါ့နော်၊ မိုးတိမ်တောင်ဖြစ်ထွန်းမှုက ပိုပြီးတော့ များတဲ့ဒေသတွေမှာ တစ်နာရီ၊ တစ်နာရီခွဲလောက်ပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ စပြီးဖြစ်လာပြီဆိုရင် မိမိတို့ ဘေးအန္တရာယ် လွတ်တဲ့နေရာတွေမှာ ကြိုတင်ရှောင်ရှားနိုင်ဖို့အတွက် အကြံပြုပါတယ်”

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီစတဲ့ တိုင်းဒေသကြီးတွေနဲ့ ရှမ်း၊ ချင်း၊ ကယားနဲ့ ရခိုင်စတဲ့ ပြည်နယ်တွေမှာ အဲ့ဒီဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် နေ့အပူချိန်တွေ မြင့် တက်ပြီး လေထုမငြိမ်သက်တာတွေကြောင့် အခုလို ရာသီဥတုဆိုးရွားတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တာ လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။