ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ၈၈ မျိုးဆက်အဖွဲ့ ဟောပြော
2014.03.24
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ အတွက် ၇၅ ရာခိုင်နှုန်းကျော်ရမယ်လို့ ပြောထားတာဟာ လက်တွေ့မှာ ၁၀၀ ရာခိုင်နှုန်းကျော်မှ ပြင်နိုင်မယ်လို့ သတ်မှတ်ထားသလိုဖြစ်နေကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးက ဒီနေ့ ပုဂံ ညောင်ဦး လူထုဟောပြောပွဲမှာ ပြောလိုက်ပါတယ်။
ဒီကနေ့ ပုဂံ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနီး နန်းကြည့်ကုန်းကွင်းမှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေး လူထုဟောပြောပွဲမှာ ဦးကိုကိုကြီးက အခုလိုပြောခဲ့တာပါ။
" ဒီနေ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်လိုက်တော့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမယ်၊ သေသေချာချာ ပြန်စဉ်းစားပါ၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံတုံးက ၆၇ ရာခိုင်နှုန်း ၁၉၇၄ ဖွဲ့စည်းပုံတုံးက ၇၅ ရာခိုင်နှုန်း ဒီနေ့ ၂၀၀၈ ဖွဲ့စည်းပုံ ကျတော့ ရွေးကောက်ခံတာကမှ ၇၅၊ ၇၅ ရာခိုင်နှုန်းကျော်ရမယ်ဆိုတော့ ၁၀၀ ကျော်ရမယ်လို့ ပြောတာနဲ့ အတူတူပဲ"
ဒါ့အပြင် တရားမျှတမှုနဲ့ လွှတ်လပ်မှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေရဲ့အခြေခံမှုတွေနဲ့ ဆန့်ကျင်နေတာဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို မပြင်ဆင်ချင်တဲ့ ကိုယ်စားလှယ်တွေကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ကိုလည်း ဦးကိုကိုကြီးက တိုက်တွန်း ပြောကြားခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုပွဲအတွက် စီတန်းလှည့်လည်ခွင့်နဲ့ ဟောပြောခွင့်ဆိုပြီး ၂ မျိုးနဲ့ ခွင့်ပြုချက်တောင်းခဲ့ပေမယ့် စီတန်းလှည့်လည်ခွင့်ကို ခွင့်မပြုခဲ့ဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။