ဒီကနေ့ ဆန္ဒပြပွဲမှာ ဒေသခံတွေဟာ မြန်မာထရယ်ရှားဟိုတယ် (Myanmar Treasure Hotel) ရှေ့ကနေ အာနန္ဒာ ဘုရားတောင်ဘက်မုခ်အထိ ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။
ပုဂံရှေးဟောင်းနယ်မြေတွေအတွင်းမှာ ဒေသခံတွေကိုတော့ ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာနက နေထိုင်ခွင့် ပိတ်ပင်ထားပေမယ့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုတော့ ဟိုတယ်လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပေးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟိုတယ် တချို့ဟာ ဘုရားဖူးသွားတဲ့ လမ်းတွေကို ပိတ်ပြီး တည်ဆောက်ထားတာတွေရှိသလို၊ စေတီပုထိုး တွေကြားမှာ အဆောက်အဦးတွေ တည်ဆောက်ထားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေ အတွင်းမှာ ဧဒင်ဟိုတယ်၊ အသောက ဟိုတယ်တွေက ဆောက်လက်စဖြစ်ပြီး Adviser Tours ကုမ္ပဏီကတော့ စတင်ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂူပြောက်ကြီးစေတီနဲ့ ဂူပြောက်လေးစေတီကြားမှာ မြင်းကျား ဓါတ်မြေသြဇာ ကုမ္ပဏီနဲ့ လုပ်ငန်းရှင် တစ်ဦးရဲ့ စိုက်ပျိုးရေးခြံ တစ်ခြံ ဆောက်လုပ်ထားတယ်လို့လည်း သိရပါတယ်။