ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာက ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ တောင်သူ ၅၂ ဦးဟာ လယ်ယာမြေတွေထဲ ထွန်ယက် စိုက်ပျိုးမှုနဲ့ မြအိန္ဒြေ ကုမ္ပဏီဘက်ကို ပြန်လည် တရားစွဲဆိုရာမှာ ဒီကနေ့ တရားစွဲဆိုခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။
တောင်သူတွေနဲ့ မြအိန္ဒြေကုမ္ပဏီဝန်ထမ်းကြား ခိုက်ရန် ဖြစ်ပွားမှု ကိစ္စကိုတော့ တရားရုံးက လက်ခံခဲ့ပြီး တောင်သူတွေနဲ့ ကုမ္ပဏီကြား ပြဿနာဖြစ်နေစဉ်အတွင်း ကုမ္ပဏီဖက်က လယ်ယာမြေတွေထဲ ဝင်ရောက် ထွန်ယက်မှုနဲ့ ပတ်သက်ပြီး တောင်သူတွေဖက်က အမှုဖွင့်တာကိုတော့ လက်မခံဘူးလို့ တောင်သူ ဦးတင့်စိုးက RFA ကို အခုလို ပြောပါတယ်။
"၇ ရက်နေ့ကတည်းက သူတို့ဘက်က လာထိုးတော့ ကျွန်တော်တို့ ထိုးကြကြိတ်ကြဖြစ်ပါတယ်။ကျွန်တော်တို့ စိုက်ခင်းတွေကို ဖျက်သွားတာတွေကို အမှုဖွင့်လို့မရဘူး။ရဲစခန်းကို ကခ သွားယူပြန်တော့လည်း ရဲအရေးမပိုင်ဘူးလို့ ပြောပြန်တယ်"
ပလဖ ပြည်သူ့လုပ်အားနေရာချထားရေး စိုက်ကွင်းထဲမှာ စိုက်ပျိုးခွင့် ရထားတဲ့ တောင်သူ ၁၄၁ ဦး လုပ်ကိုင်နေတဲ့ လယ်ဧက ၂၀၀၀ မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စပြီး မြအိန္ဒြေကုမ္ပဏီက အတင်းဝင်ရောက် လုပ်ကိုင်လာတဲ့အတွက် တောင်သူနဲ့ ကုမ္ပဏီကြား ပြဿနာဖြစ်ခဲ့ကြပါတယ်။
ညှိုနှိုင်းဖြေရှင်းမှု မပြီးခင် ကုမ္ပဏီဖက်က လယ်ယာမြေတွေထဲ ဝင်ရောက်လုပ်ကိုင် လာတဲ့အတွက် ဆက်လက်မလုပ်ဖို့ တောင်သူတွေက သွားရောက်တားမြစ်ခဲ့ပါတယ်။
အဲဒီတားမြစ်မှုကြောင့် တောင်သူ ၅၂ ဦးကို ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ တရားစွဲဆိုခဲ့ပါတယ်။