မစုစုနွေးကို ဖမ်းဆီးပြီး ပဲခူး အကျဉ်းထောင်မှာ ထိန်းသိမ်း

2015.07.23
susunway-620 မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့တာဝန်ခံ မစုစုနွေး ကိုတွေ့ရစဉ်
Photo:Su Su Nway(facebook)

လယ်သမားအရေးကိစ္စတွေကို လိုက်ပါကူညီပေးနေတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့တာဝန်ခံ မစုစုနွေးကို ဒီနေ့ညနေပိုင်းမှာ ပဲခူးတိုင်း၊ အင်းတကော်ရဲစခန်းက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ဖမ်းဆီးခဲ့ပြီး ပဲခူးအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

အင်းတကော်ရဲစခန်းကနေ အင်းတကော်မြို့နယ်တရားရုံးကို ချက်ချင်းပို့ဆောင်ခဲ့ပြီး တရားသူကြီးက အာမခံယူမလားလို့မေးမြန်းရာ မစုစုနွေးက အာမခံမယူတဲ့အတွက် ထောင်ထဲကို ပို့လိုက်တာဖြစ်တယ်လို့ မစုစုနွေးအဖမ်းခံရာမှာ အတူရှိနေခဲ့တဲ့ မခင်မို့မို့သိမ့်က ပြောပါတယ်။

"ညောလေးပင်မြို့နယ်ကနေပြီးတော့ အပြန်လမ်းမှာပေါ့နော် အင်းတကော်ရဲစခန်းရှေ့မှာ ရဲအင်အား ၃ဝ လောက်နဲ့ လိုင်းကားကို သူတို့ကတားတယ်၊ တားပြီးတော့ စခန်းထဲကိုတခါတည်းတိုးဝင်ပြီးတော့ အစ်မကို ဆင်းခိုင်းတယ်ပေါ့၊ အစ်မကို ဗိုလ်ကြီး ဟိန်းဇော် ကနေပြီးတော့ ၄၄၇ နဲ့ တရားစွဲဆိုထားတဲ့ကိစ္စကို သူတို့ကပြောတယ်၊ ပြီးတော့ သမီးတို့ကို တရားရုံးထဲကိုခေါ်သွားတယ်၊ တရားရုံးပေါ်ကို တင်တယ်ပေါ့နော်၊ တရားသူကြီးကနေပြီးတော့ သူ့ကိုအာမခံယူမလားလို့မေးတယ်၊ အစ်မက အာမခံမယူဘူးပေါ့နော် အဲ့လိုမျိုးပြန်ဖြေတယ်၊ နောက် အစ်မကို နောက်တစ်ချက်က ရုံးချိန်းအတွက်ကို မစုစုနွေးအနေနဲ့ ဘယ်နေ့ကိုယူချင်လဲလို့ မေးတဲ့အခါကျတော့ အစ်မက ကျမအနေနဲ့ရုံးချိန်းကို ယူစရာမလိုဘူးပေါ့နော် တရားသူကြီးကနေပြီးတော့ ၂၉ ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်၊ အစ်မနေပြီးတော့ ရုံးချိန်ကိုလည်း သူထွက်မှာမဟုတ်ဘူးလို့ ပြောထားခဲ့တယ်"

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ တာဝန်ခံ မစုစုနွေးနဲ့ အင်းတကော်မြို့နယ်က လယ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက အမှတ် ၁ ခဲယမ်းမီးကျောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် စစ်တပ်က အုတ်တံတိုင်းမခတ်ရသေးတဲ့ နေရာတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မစုစုနွေးက စစ်တပ်က အုတ်တံတိုင်း ခတ်ထားတဲ့အပေါ်ကိုတက်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ခဲ့တာကြောင့် ခဲယမ်းမီးကျောက်တပ်က ဗိုလ်ကြီး ဟိန်းဇော်က ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲထားတာကြောင့် ဖမ်းဆီးစစ်ဆေး ရတာဖြစ်တယ်လို့ ဒီနေ့ မြို့နယ်တရားရုံးမှာ တရားသူကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုအတွင်းက အလံကွဲ၊ ရွှေလေး၊ ဂုံညှင်းတန်း ၊ ကျောက်ကုန်း၊ ကဲျွဒညင်းကုန်းနဲ့ မြေနီကုန်းစတဲ့ ကျေးရွာ ၈ ရွာက လယ်ယာမြေဧက ခြောက်ထောင်နီးပါးကို အမှတ်(၁) ခဲယမ်းမီးကျောက်တပ်က ၁၉၉၆ ခုနှစ်အတွင်း သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ မစုစုနွေးရဲ့ ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမာကီး (ခေါ်) ကိုကျော်ကျော်ထွေးကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။