လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဒေသခံတွေသေဆုံး၊ ဒဏ်ရာရတဲ့အထိ အကြမ်းဖက်ဖြိုခွဲမှုနဲ့ ရန်ကုန်မြို့တော် ခန်းမရှေ့က မိချောင်းကန် သပိတ်မှောက် ပြည်သူတွေကို ဖမ်းဆီးမှုအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ ချုပ်က မနေ့ညက ဆူးလေးဘုရားအနီးမှာ ဆန္ဒပြ ကန့်ကွက်ရှုံ့ချခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို အခုလို ပြောပါတယ်။
"လက်ပံတောင်းမှာ ဒေသခံပြည်သူတွေကို သေနတ်နဲ့ပစ်ပြီးတော့ အကြမ်းဖက်ဖြိုခွင်းတဲ့ အစိုးရရဲ့ လုပ်ရပ်နဲ့ ပြီးတော့မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ မိချောင်းကန်ပြည်သူတွေကို မနက် ၅ နာရီထိုး ဘယ်သူမှမရှိတဲ့ မမြင်ကွယ်ရာမှာ သပိတ်စခန်းမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကားပေါ်တင်ပြီး တော့ ဒီလိုမျိုးအကြမ်းဖက်လုပ်ရပ်တွေကို ကျနော်တို့ကဆန္ဒပြခဲ့တာပါ၊ ပြည်သူတွေကို အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်တွေကို အစိုးရအနေနဲ့ ရပ်တန်းကရပ်ဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုတယ်၊ ဒီလိုမျိုးဖြစ်စဉ်တွေခဏခဏဖြစ်နေတာ ကျနော်တို့နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ် ဘူး၊ နောက်ထပ်ကျတော့ ဒီလိုမျိုးစီမံကိန်းတွေဆိုတာက အစိုးရအနေနဲ့က ပြည်သူတွေရဲ့အကျိုးတွက် လုပ်နေတယ်ဆိုပြီးတော့ အသံကောင်း ဟစ်ပြီးတော့ စီမံကိန်းတွေဆက်လုပ်တယ် အခုလိုမျိုးပြည်သူတွေ ဘဝတွေ၊ အသက် တွေရင်းပြီး ရလာတဲ့ အကျိုးအမြတ်ကို ကျနော်တို့ပြည်သူတွေက လက်မခံချင်ဘူး၊ တကယ်တမ်းပြည်သူတွေအတွက်လုပ်တယ်ဆိုရင် ဒီစီမံကိန်းကို ကျနော်တို့မလိုချင်တဲ့ အတွက်ရပ်ပေးပါပေါ့၊ တကယ်လို့မရပ်ပေးဘူး ဆိုရင် ဒီစီမံကိန်းကအစိုးရအတွက် လုပ် တဲ့ စီမံကိန်းလို့မြင်ပါတယ်"
Black Campaign ခေါ် ဝမ်းနည်းခြင်းအနက်ရောင်လှုပ်ရှားမှု ဆိုတဲ့အမည်နဲ့ ဗကသများအဖွဲ့ချုပ်က ဆောင်ရွက်ခဲ့တာ လို့သိရပါတယ်။ ဆန္ဒပြပွဲမှာ ဗကသများအဖ့ွဲ ချုပ်ဝင်တွေအပြင် ပြည်သူတချို့ကလဲ ဝန်းရံခဲ့တဲ့အတွက် လူဦးရေ ၅၀ ကျော်လောက်ရှိခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းမှာ ဒေသခံတွေသေဆုံး၊ ဒဏ်ရာရအောင် အကြမ်း ဖက်နှိမ်နင်းမှုကို ကန့်ကွက်ရှုံ့ချတဲ့အနေနဲ့ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာလဲ ဆန္ဒပြပွဲတစ်ခုဖြစ်ခဲ့ပါတယ်။
