ဗန်းမော်-မြစ်ကြီးနား ကားလမ်း တရားဝင် သွားလာခွင့်ပြု


2013.03.18
myintkyina-305.jpg မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တပ်တွေရဲ့တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် တစ်နှစ်ကျော်လောက် ပိတ်ထားခဲ့ရတဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို ဒီကနေ့မနက်ကစတင်ပြီး ပြန်လည် သွားလာခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ဗန်းမော်မြို့ကနေ မြစ်ကြီးနားမြို့ဘက်ကို ဒီကနေ့မနက် ၈ နာရီမှာ စတင်ထွက်ခွာခွင့်ပြုခဲ့တာလို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနက အမည်မဖော်လိုတဲ့ ပြည်နယ်အရာရှိတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

“ဗန်းမော်-မြစ်ကြီးနား ခရီးစဉ်ကတော့ ဒီနေ့ ၁၈ရက်နေ့ မနက် ၈နာရီမှာ ဟိုင်းလတ် ၁ စီး၊ လိုက်ထရပ် ၁ စီး၊ ဗင် ၃ စီးနဲ့ စတင်ပြီးတော့ ပြေးဆွဲတယ်လို့ သတင်းရရှိပါတယ်၊ ဗန်းမော်ဘက်ကတော့ လုံခြုံရေးအရ တာဝန်ရှိတဲ့ နယ်မြေခံတပ်မမှူးရယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖွင့်ပွဲပုံစံလေးလုပ်ပြီးတော့ ဒီဘက်ကိုစမ်းသပ်ပြေးဆွဲတယ်လို့ သိရပါတယ်၊ ဒီဘက်ကတော့ ဝန်ကြီးချုပ်တို့ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်မယ်လို့သိထားရပါတယ်”

ဒီကနေ့မနက်ပိုင်းက ဗန်းမော်မြို့မှာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်ချုပ်ဖုန်းမြတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် တို့ကတက်ရောက်ဖွင့်လှစ်ပေးခဲ့တာလို့ သိရပါတယ်။

အဲဒီကားလမ်းကို ၂၀၁၁ ခုနှစ် ဇွန်လကစတင်ပြီး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။