ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၅နှစ်မြောက် အခမ်းအနားကျင်းပ

အလုပ်သမား လယ်သမားတွေဘက်က ရပ်တည်ခဲ့တဲ့ စာရေးဆရာ၊ သတင်းစာဆရာအဖြစ် ထင်ရှားသူ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၅ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ HOME MEDIA ခန်းမမှာ ဒီနေ့နေ့လည်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ စာရေးဆရာတွေ မျိုးဆက်အလိုက် တက်ရောက်ခဲ့ကြသလို နိုင်ငံရေးနယ်ပယ်က ဝါရင့်ပုဂ္ဂိုလ်တွေနဲ့ မျိုးဆက်သစ်ကျောင်းသားမဂ္ဂ ခေါင်းဆောင်တွေပါ စုံစုံလင်လင် တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတက်ခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ဆရာဗန်းမော်တင်အောင် ကွယ်လွန်စဉ်က ပရိသတ်ကို ကမ်းခဲ့တဲ့ယပ်တောင်မှာဖေါ်ပြထားတဲ့ ကောက်နှုတ်ချက်ကို အဓိကထား ဟောပြောခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ပရိသတ်က Home တစ်ခုလုံးရဲ့ အပြည့်ပဲဗျ၊ ဗန်းမော်တင်အောင်ကို လေးစားကြည်ညိုတဲ့လူတွေရှိတယ်၊ သူ့ရဲ့စာပေသြဇာတွေကလည်း ကြီးမားတုန်းပဲဆိုတာ ပြတာပေါ့၊ ကျနော်ကတေ့ာ အခမ်းအနားမှာ စကားပြောပါဆိုလို့ ဗန်းမော်တင်အောင် အမှတ်တရ ပြောတာပေ့ါဗျာ၊ လူတစ်ယောက်က ခေတ်ကနေပြီးတော့ ကိုယ့်ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို ဘယ်လောက်ကျေပွန်အောင်ထမ်းသလဲ အဲဒီအပေါ်မှာ ဒီလူရဲ့တန်ဖိုးကို ဆုံးဖြတ်ရမယ်ဆိုတဲ့ဟာ အဲဒီစာတန်းလေးပေါ့ဗျာ၊ ဗန်းမောင်တင်အောင် ကြုံးဝါးတဲ့အတိုင်းပဲ သမိုင်းကပေးတဲ့ ခေတ်တာဝန်တွေကို ပြည့်စုံအောင်ထမ်းရမှာပဲ၊ သူူ့ရဲ့စကားကို ကျနော်အဖိုးတန်တယ်လို့လဲထင်တယ်၊ အရေးကြီးတယ်လို့ထင်တယ်”

ဆရာ ဗန်းမော်တင်အောင်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ပါဝင်ခဲ့သလို၊ ဖဆပလခေတ်၊ မဆလတစ်ပါတီခေတ်တွေမှာ သူရဲ့စာပေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်အကြိမ်ကြိမ်ကျခံခဲ့ရပြီး သက်တမ်းတလျှောက် ထောင်ထဲနေရတဲ့နှစ် စုစုပေါင်း ၁၃ နှစ်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ဆရာဗန်းမော်တင်အောင်ဟာ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးပေါင်းများစွာရေးသားခဲ့ပြီး အသက် ၅၈ နှစ်အရွယ် ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။