ကျောင်းမုန့်ဈေးတန်းတွေနဲ့ ဈေးကွက်ထဲမှာ ရောင်းချနေ တဲ့ မုန့်နဲ့ စားသောက်ကုန် ၁၉ မျိုးမှာ တားမြစ်ထားတဲ့ ဆိုးဆေးတွေ ပါဝင်အသုံးပြုထားတဲ့အတွက် စားသုံးရန် သင့်လျော်ခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ကို ဒီကနေ့ထုတ် သတင်းစာတွေ မှာ ဖေါ်ပြထားပါတယ်။
အဲဒီစားသောက်ကုန်တွေမှာ အသုံးပြုထားတဲ့ ဆိုးဆေးတွေဟာ အဝတ်အထည်တွေမှာ အသုံးပြုတဲ့ ဆိုးဆေးတွေဖြစ်တာကြောင့် ကင်ဆာရောဂါတွေဖြစ်နိုင် တယ်လို့ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။
"အစားအသောက်ဆိုးဆေးမဟုတ်ဘူး၊ chemical dyes ပေါ့နော်၊ အထည်တွေ သိုးမွေးထည်တွေ လွယ်အိတ်တွေမှာ ဆိုးတဲ့ကောင်တွေ၊ ဒီကောင်က အသဲကင်ဆာနဲ့ အူမကြီးကင်ဆာတို့ အစာအိမ် လမ်းကြောင်း ကင်ဆာတို့၊ အထူးသဖြင့်တော့ သူက အသည်းကို ထိခိုက်ပြီးတော့ အသည်းကင်ဆာဖြစ်စေတာ၊ အဲ့ဒါကြောင့်မို့ ပိတ်လိုက်တာ"
ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုအရ စားသုံးဖို့မသင့်ကြောင်း ကြေညာလိုက်တဲ့ စားသောက်ကုန်တွေထဲမှာ ကပ်စေးနဲ၊ ဝေဖါ၊ ဂျယ်လီ၊ ချိုချဉ်ပြား၊ ငရုတ်သီးအရောင်တင်မှုန့်နဲ့ ငါးပိတို့ ပါဝင်ပါတယ်။ အဲဒီစားသောက်ကုန်တွေမှာ Rhodamine B ၊ Auramine O နဲ့ Sudan 111 ဆိုးဆေးတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ရောင်းချခွင့်ပိတ်ပင်လိုက်တဲ့ အစားအသောက်တွေထဲမှာ ဝင်းသန်းတံဆိပ် ငါးပိ၊ ဝမ်းဝမ်းတံဆိပ် ချိုချဉ်ပြား၊ ဘုရင်၊ ကံကော်၊ ရွှေဝါဝင်းအမည်တွေနဲ့ ရောင်းချနေတဲ့ ငရုတ်သီးအရောင်တင်မှုန့်တွေအပြင် ကောင်းမှကောင်း ဝေဖါ လုံးတွေနဲ့ တခြားကုန်ပစ္စည်းတချို့ ပါဝင်ပါတယ်။
အဲဒီအစားအသောက်တွေကို ကျောင်းမုန့်ဈေးတန်းနဲ့ ဈေးတွေကနေ ဝယ်ယူစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
