ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ ဘန်ကီမွန်းတောင်းဆို

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံတဲ့အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို အခုထက်ပိုပြီး ဖယ်ရှား လျှော့ချပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နိုင်ငံတကာကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

2012.04.30
ban-ki-moon-parliament-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောနေစဉ်။
AFP

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းဖို့၊ ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ကုန်သွယ်ရေး ပိတ်ပင်မှုတွေအပေါ် လျှော့ပေါ့ပေးဖို့ လိုအပ်တယ်လို့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ မစ္စတာ ဘန်ကီမွန်းက အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှှုတွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း မစ္စတာဘန်ကီမွန်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကျမ်းကျိန်စာသား ပြင်ဆင်ပေးရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရနဲ့ မပြေမလည် ဖြစ်နေတာတွေကို အဆုံးသတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း၊ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တိုင်းပြည် အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်နေတာကို တွေ့မြင်ရတဲ့အတွက် ဂုဏ်ယူကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံဖို့ရှိပြီး နိုင်ငံရေးပါတီတွေနဲ့လည်း ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

လွှတ်တော်မှာ မစ္စတာဘန်ကီမွန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုကို ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။