နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် ထပ်မံတောင်းဆို

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လုပ်ဆောင်ဖို့ အချိန် မနှောင်းသေးကြောင်းနဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် လမ်းဖွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

အခုအချိန်ဟာ မြန်မာအာဏာပိုင်တွေအတွက် အပြောင်းအလဲတခုကို အမှန်တကယ် လိုလားပါတယ် ဆိုတဲ့ အချက်ကို ပြသဖို့ အခွင့်အခါကောင်း ဖြစ်ကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်နေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း သတင်းထောက်တွေကို အခုလို ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လာမယ့် ရွေးကောက်ပွဲအပြီး ကာလဟာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းကြောင်းလည်း သူက ပြောပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံ အရေးကိစ္စဟာ အာဆီယံဒေသတွင်း ပိုမို ပေါင်းစည်းရေး ကြိုးပမ်းမှုတွေအပေါ် အများကြီး ဂယက်ရိုက်ခတ်လာနိုင်ကြောင်း အာဆီယံ ခေါင်းဆောင်တွေကို သတိပေး ပြောကြားခဲ့တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

မြန်မာစစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကို အရပ်သား မျက်နှာဖုံးတပ်ဖို့ ကြိုးပမ်းချက်တရပ်သာ ဖြစ်တယ်ဆိုပြီး ကမ္ဘာ့နိုင်ငံ အတော်များများက ဝေဖန်ပြောဆိုနေကြတာပါ။ အာဆီယံ အစည်းအဝေး တက်ရောက်လာတဲ့ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲပြီး မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ရှိကြောင်း အာဆီယံ ခေါင်းဆောင်တွေကို ပြောဆိုထားပါတယ်။